ထပ်မံတရားစွဲ

December 6, 2020

ဦးကျော်မြင့်ကို ထောင်ပြောင်းခဲ့မှု ထပ်မံတရားစွဲဆိုရန် ဖြစ်နိုင်ဟု ရှေ့နေပြော

ဖျက်သိမ်းခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ကို ထောင်ပြောင်းတာဟာ ရန်ကုန်မှာ နောက်ထပ်တရားစွဲဖို့အတွက် ဖြစ်နိုင်တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။  ဦးကျော်မြင့်ဟာ အရင်ထောင်ဒဏ်အပါအဝင် ထောင်ပြေးမှုတို့နဲ့ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတာဖြစ်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။  ဦးကျော်မြင့်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ထောင်ပြေးမှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံဖို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီးက အမိန့်ချခဲ့ပါတယ်။  အခုလို ထောင်ပြောင်းတာဟာ ရန်ကုန်မှာ ထပ်ပြီး တရားစွဲဆိုဖို့ဖြစ်ပြီး လဝက အမှု၊ ငွေကြေးခဝါချမှုတွေနဲ့ စွဲလာနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းထွန်းက ပြောပါတယ်။ ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်က အကျဉ်းထောင်ပြင်ပမှာ ဆေးကုသနေစဉ် တခြားနိုင်ငံကို ခွင့်ပြုချက်မပါဘဲ ထွက်ပြေးသွားပြီး ခွင့်ပြုချက်မရှိဘဲ ပြန်လာတာကြောင့် လဝက အက်ဥပပေပုဒ်မ ၁၃ (၁) နဲ့ ထပ်မံတရားစွဲဆိုခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလဝက အမှုဟာ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်တဲ့အချိန်မှာ ပြစ်မှုကျူးလွန်တာဖြစ်တဲ့အတွက် ပြစ်မှုကျူးလွန်တဲ့နေရာဖြစ်တဲ့ မူဆယ် ဒါမှမဟုတ် ဖမ်းမိတဲ့ လှိုင်သာယာမှာပဲ တရားစွဲဆိုရမှာဖြစ်တာကြောင့် ဥပဒေအရာရှိက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းခဲ့ပါတယ်။ 
5 months Ago

November 27, 2020

တပ်မတော်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၁ ဦးကို ပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံတရားစွဲ

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တရားရုံးမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဇေယျာလွင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ထပ်မံတရားစွဲဆိုပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဇေယျာလွင်ကို တပ်မတော်က ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်အောင် PPE ဝတ်စုံဝင်ဆင်ပေးပြီး ရုံးထုတ်ခဲ့တာပါ။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က "ဒီတခါထပ်ဆွဲတာက ၆၆ ဃ နဲ့ စွဲတာပါ။ ခုလောလောဆယ်သိရတာတော့ မအူပင်မှာပဲ စွဲထားတယ်လို့သိရပါတယ်။ တခြားမြို့နယ်တွေမှာ စွဲတာမျိုးတော့ မရှိသေးပါဘူး" လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အခါမှာထဲက ဧရာဝတီတိုင်းမှာ တရားစွဲဆိုမှုတွေကို ပေါင်းစွဲတာမဟုတ်ဘဲ ၄ လလောက် ကြာမှ ထပ်မံတရားစွဲဆိုတာဟာ သွေးရိုးသားရိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို အင်းစိန်ထောင်ကို ပြန်မပို့နိုင်သလို မအူပင်ထောင်မှာလည်း မထားဘဲ ရဲစခန်းအချုပ်မှာသာ နေခိုင်းထားတယ်လို့ သိရပါတယ်။ မအူပင်မြို့နယ်တရားရုံးမှာ တပ်မတော်က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံရလို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို့ကို ဇွန်လ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအ၀င် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲခံခဲ့ရတာပါ။ မင်းထက်မုန်း(ပုသိမ်)  
6 months Ago
Up