ထန်းတပင်ဆင်စခန်း

October 10, 2020

ငပုတော ထန်းတပင်ဆင်စခန်းရှိ အနားပေးခံဆင်များအတွက် အလှူရှင်များ လိုအပ်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ထန်းတပင် ဆင်စခန်းက အနားပေးခံဆင်တွေအတွက် အစားအစာလှူဒါန်းပေးမယ့် အလှူရှင်တွေ လိုအပ်နေတယ်လို့ ဆင်စခန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ အနားပေးခံဆင်တွေဟာ မြန်မာ့သစ်ထုတ်လုပ်ငန်းမှာ အလုပ်လုပ်ခဲ့တဲ့ ဆင် ၅ ကောင်နဲ့ တောဆင်ရိုင်းတွေ မောင်းပေးတဲ့အဖွဲ့က ဆင်  ၃ ကောင်ဖြစ်ပါတယ်။ ဆင်စခန်း တာ၀န်ရှိသူဖြစ်တဲ့ ဦးထွန်းလေးက “ဆင်တွေက အသက်ကြီးလာတော့ ဌာနက မခိုင်းတော့ဘဲ အနားပေးထားတာ။ ဆင်တွေ အသက်ကြီးလာလို့ မျက်စိမမြင်တော့တာတွေ ခြေထောက်မကောင်းတာတွေနဲ့ ခန္ဓာကိုယ်ချို့ယွင်းတာတွေရှိလာလို့ အနားပေးခံထားရတဲ့အခါ သူတို့အတွက် အစားအစာထောက်ပံ့ပေးမယ့် အလှူရှင်တွေ လိုအပ်နေတာပါ” လို့ DVB ကို ပြောပါတယ်။ မြန်မာ့သစ်ထုတ်လုပ်ငန်းမှာ သစ်ဆွဲခဲ့ပြီး အသက်ကြီးလို့ အနားပေးခံရတဲ့ ဆင်တွေအတွက် ဌာနက လစဉ်ပုံမှန် အစားစာထောက်ပံ့တာမျိုးမရှိပေမယ့် ဆင်တွေနေမကောင်းရင်တော့ လိုအပ်တဲ့ ဆန်၊ မကျည်းသီးတွေ ထောက်ပံ့ပေးတာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။ အနားပေးခံထားရတဲ့ အသက်ကြီးဆင်တွေအတွက် အလှူရှင်တွေအနေနဲ့ လှူဒါန်းမယ်ဆိုရင် ဆင်စခန်းကို ဆက်သွယ်ပြီး လှူဒါန်းပေးနိုင်မှာဖြစ်သလို ဆင်စာတွေဖြစ်တဲ့ ကြံ၊ ငှက်ပျောသီး၊ ဖရဲသီး၊ သင်္ဘောသီး၊ နာနတ်သီး စတဲ့သီးနှံတွေကိုလည်း လာရောက်လှူဒါန်းပေးနိုင်တယ်လို့ သိရပါတယ်။ အသက်အရွယ်ကြီးလာလို့ အနားပေးခံခဲ့ရတဲ့ ဆင်တွေဟာ ၂၀၁၆ ခုနှစ်လောက်က စတင်ကာ အနားပေးခံခဲ့ရတာဖြစ်ပြီး ပုံမှန်ထောက်ပံ့မှုမရှိတဲ့အတွက် လွှတ်ကျောင်းထားရလို့ ပုံမှန်ဆင်တွေလိုတော့ အစာရေစာ မ၀နိုင်တဲ့အတွက် ခုလိုအလှူခံရတာလို့ ဆင်စခန်းတာ၀န် ရှိသူက ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထန်းတပင် ဆင်စခန်း
8 months Ago
Up