တရုတ်-မြန်မာ

December 2, 2017

တရုတ်-မြန်မာ နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ မနေ့က နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲက တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး ပထမထပ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အခြေခံပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်မြှင့် တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက် အဆင့်မြင့် ခေါင်းဆောင်တွေအကြား ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန် သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြင့်ဖော်ဆောင်ရေးနဲ့ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးတို့အပြင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးတွေနဲ့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ ဆက်လက် အကူအညီပေးမယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်သူ့ ခန်းမဆောင်ကြီး ဒုတိယထပ်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခမ်းအနားကို ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီတွေက အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း သွားရောက်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းအပါဝင် သံရုံးဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
4 years Ago

September 24, 2017

တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ တရုတ်-မြန်မာ ၂ နိုင်ငံဟာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းတွေ ဖြစ်တာကြောင့် တရုတ်နိုင်ငံနဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်ရေးလုပ်ဖို့  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တရုတ်မီဒီယာနဲ့တွေ့ဆုံနေချိန်မှာ ပြောဆိုတာပါ။ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဟာ အရင်ဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူ ၃၀၀၀၀ လောက် အိုးအိမ်နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က အရေးကို ရှင်းလင်းပြောဆိုပြီးတော့ အစိုးရဟာ အရပ်သားတွေကို သေချာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ လုပ်ဆောင်မှာပါလို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ BRI ပဏာမခြေလှမ်း လို့ခေါ်တဲ့ အာရှပိုးလမ်းမ စီမံကိန်း လမ်းကြောင်းတလျှောက်မှာရှိတဲ့ အရေးကြီးနိုင်ငံတွေထဲက တနိုင်ငံအနေနဲ့ တက်ကြွစွာ ပါဝင်ဖို့ ဆန္ဒပြင်းပြနေပြီး အဲ့ဒီမူဘောင်ကို အပြည့်အဝ အားပေးထောက်ခံပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဟာ ပြည်တွင်းမှာ အောင်မြင်မှုတွေ ဖြစ်ထွန်းဖို့အတွက် အဓိကကျပြီး တရုတ်နိုင်ငံနဲ့ ထိကပ်နီးစပ်နေတဲ့ နယ်မြေတွေမှာ ငြိမ်းချမ်းရေးကို တကယ်ပဲ လိုအပ်ပါတယ်လည်း ပြောသွားပါတယ်။
4 years Ago
Up