တရုတ်တွင် ဦးခေါင်းနှစ်လုံးပါသည့် နွားပေါက်ကလေး မွေးဖွား

February 17, 2016

တရုတ်တွင် ဦးခေါင်းနှစ်လုံးပါသည့် နွားပေါက်ကလေး မွေးဖွား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းခရိုင်၊ လင်ရွှီးဒေသမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဦးခေါင်း ၂ လုံးပါတဲ့ နွားပေါက်ကလေးတကောင်ကို မွေးဖွားခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ “ခေါင်း ၂ လုံးပါတဲ့ နွားပေါက်ကလေးကို ခုလိုတွေ့ရတာ မယုံနိုင်စရာပါပဲ” လို့ အသက် ၈၁ နှစ်အရွယ် ဒေသခံ ၀မ်းဖန်းကျင်က ဆိုပါတယ်။ ပိုင်ရှင် ဂန်ယွမ်ဟွာဟာ သူ့ရဲ့နွားမကြီး မမွေးဖွားခင် ညပိုင်းမှာ တင်းကုတ်ဆီက အသံတွေ ကြားခဲ့ရပြီး နောက်တနေ့မှာမှ ဦးခေါင်း ၂ လုံးပါတဲ့ နွားပေါက်ကလေး မွေးဖွားလာတာကို သိခဲ့တာလို့ ဆိုပါတယ်။ အဲဒီနွားပေါက်ကလေးဟာ မွေးဖွားပြီးပြီးချင်း သေဆုံးသွားခဲ့ပြီး မိခင်နွားမကြီးကတော့ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဂန်က ပြောပါတယ်။ အဲဒီနွားမကြီးဟာ အရင်က ကျန်းမာသန်စွမ်းတဲ့ နွားပေါက် ၃ ကောင် မွေးဖွားပေးခဲ့ပြီး ထူးထူးခြားခြားဖြစ်ရပ်မျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒေသတွင်း တိရစ္ဆာန်ဆေးကုဆရာဝန် ဇူကိုင်ဝမ်ကတော့ သူ့ရဲ့ နှစ်ပေါင်း ၃၀ လောက် ဆေးကုသခဲ့တဲ့ အတွေ့အကြုံအရ ဒါဟာ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်နိုင်ပြီး တိတိကျကျ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
5 years Ago
Up