တွဲလောင်းဆွဲ

September 26, 2021

တာလီဘန်အာဏာပိုင်များက ပြန်ပေးသမား ၄ ဦးကို သတ်ပြီး လူမြင်ကွင်းတွင် တွဲလောင်းဆွဲပြသ

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်မြို့က တာလီဘန်အာဏာပိုင်တွေဟာ ပြန်ပေးသမားတွေအဖြစ် စွပ်စွဲခံရတဲ့ လူ ၄ ဦးကို သတ်ပြီး လူမြင်ကွင်းမှာ တွဲလောင်းဆွဲ ပြထားခဲ့တယ်လို့ ဒေသခံအစိုးရ အရာရှိ တယောက်က စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ဒီအမျိုးသားတွေဟာ ဒေသခံ စီးပွားရေးသမား တယောက်နဲ့ သူ့သားတို့ကို ပြန်ပေးဆွဲခဲ့ပြီး  မြို့ပြင် ထုတ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဟီရတ်မြို့ ဒုအုပ်ချုပ်ရေးမှူး ရှားအာမဒ် အမ်မာက ပြောပါတယ်။ 

သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်ရာမှာ သူတို့ လေးယောက်စလုံး သေဆုံးပြီး တာလီဘန် စစ်သည် တယောက် ဒဏ်ရာရခဲ့တာပါ။

တခြားပြန်ပေးဆွဲသူတွေအတွက် သင်ခန်းစာအနေနဲ့ သူတို့အလောင်းတွေကို အဓိက ရင်ပြင်မှာ ဆွဲထားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ပြန်ပေးဆွဲခံ သားအဖက အထိအခိုက်မရှိ ပြန်လွှတ်ပေးခံရတယ်လို့ သူက ဆက်ပြောပါတယ်။ ကရိန်းကားနဲ့ တွဲလောင်းဆွဲထားတဲ့ သွေးစွန်းနေတဲ့ အလောင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံ တွေလဲ လူမှုကွန်ရက် မီဒီယာပေါ်မှာ ပြန့်နေပါတယ်။ 

ဒါဟာ ပြန်ပေးဆွဲမှုအတွက် အပြစ်ဒဏ်ပဲလို့ ရေးထားတဲ့စာကို သူတို့ ရင်ဘတ်မှာ ကပ်ထားပါတယ်။ 

တခြားအလောင်းတွေကို ဒီရုပ်သံထဲမှာ မတွေ့ရပေမဲ့ တခြားအလောင်းတွေကို မြို့ရဲ့ တခြားအစိတ်အပိုင်းတွေမှာ တွဲလောင်း ချိတ်ထားတယ်လို့ လူမှုကွန်ရက် မီဒီယာတွေပေါ်က တင်ပြချက်တွေက ဆိုထားပါတယ်။

2 months Ago
Up