တွန်းဇံမြို့နယ်

August 7, 2020

အိန္ဒိယပြန် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့  

အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတန်း အတည်ပြုလူနာပေါင်း ၃၅၉ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။  အဆိုပါလူနာသစ်တွေကတော့ စစ်ကိုင်းတိုင်း ကလေးမြို့က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့  ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး တွန်းဇံမြို့နယ်မှာ  အသွားအလာစောင့်ကြပ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဩဂုတ် ၅ ရက်နေ့ကလည်း  ချင်းပြည်နယ် တီးတိန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပါတယ်။  မနေ့ညက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်အဖြစ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၄၄၀ ခုမှာ လူနာသစ် နှစ်ဦး တွေ့ရှိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ ဩဂုတ် ၇ ရက် မနက် ၈ နာရီအထိ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၃၅၉  ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၀၈ ဦးနဲ့ ဒီအထဲက  ၂၉၀ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
11 months Ago

July 19, 2020

အိန္ဒိယကပြန်လာသည့် တွန်းဇံမြို့နယ်နေ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဓာတ်ခွဲနမူနာ ၉၈၉ ခုအား စစ်ဆေးချက်အရ အိန္ဒိယက ပြန်လာတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နေ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၇၁ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) ဓာတ်ခွဲနမူနာ ၃၁၈ ခု၊ စုစုပေါင်း ၉၈၉ ခုတို့အား စစ်ဆေးပြီးစီးခဲ့တာပါ။ လူနာသစ် ၃၄၁ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တီးတိန်မြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ သူ့ကို တီးတိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။  မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၀၇၇ ခုအား စစ်ဆေးရာမှာလည်း ယူအေအီးနိုင်ငံက ပြန်လာတဲ့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူလူနာ ၂၇၃ ဦး၊ ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၆၁ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၃၉ ဦး ရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၈ ဒသမ ၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
11 months Ago
Up