တံတား

April 22, 2021

ခင်ဦးမြို့က သစ်သားတံတားတခုကို မသမာသူလူတစု မီးရှို့ဖျက်ဆီး

စစ်ကိုင်းက ခင်ဦးမြို့ ရေဦးလမ်း သာဂရကျေးရွာနဲ့ မြင်းဒေါင်းကျေးရွာကြားက  မူးတိမ်ချောင်းတံတား အနောက်ဘက် ပေ ၃၀ လောက်ရှိတဲ့ ၁၃ တန်ခံနိုင်ဝန် သစ်သားတံတားကို မသမာသူလူတစုက ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာနေပြည်သူတွေ ငြိမ်းချမ်းစွာ သွားလာလုပ်ကိုင်စားသောက်နေတာကို မလိုလားတဲ့ မသမာသူလူတစ်စုက တမင်ရည်ရွယ်မီးရှို့သွားတာကြောင့်  ရွာသားတွေဟာ အကြမ်းဖက်စစ်အုပ်စု လာရောက်ဖိအားပေးမှာကို ကြောက်လန့်ပြီး ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။

မြင်းဒေါင်းကျေးရွာသားတဦးက "ဒါဟာ စစ်တပ်ဘက်က အနီးနားဝန်းကျင်ကျေးရွာတွေကို ဖိနှိပ်ရစေရန်ရည်ရွယ်ပြီး ကိုယ့်ရွာသားအချင်းချင်း ဒုက္ခရောက်အောင် အမှုဆင် ဖျက်ဆီးသွားကြတာ'' လို့ ပြောပါတယ်။

လက်ရှိမှာ တံတားဟာ မီးလာင်ပျက်စီးခဲ့ပြီး ခင်ဦးရေဦးလမ်းကြောင်း ပြတ်တောက်သွားကာ ရွာသားတွေအတွက်လည်း အတော်အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ အနီးနားဝန်းကျင် သာဂရကျေးရွာနဲ့ မြို့သစ်ကျေးရွားတွေမှာ အကြမ်းဖက်စစ်အုပ်စုက သေနတ်တွေ ပစ်ဖောက်ကာ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို လိုက်လံရှာဖွေဖမ်းဆီးနေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သာဂရကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။

ခင်ဦးမြို့အနောက်ဘက်က မြင်းဒေါင်းကျေးရွာဟာ ခင်ဦးမြို့ကနေ ၇ မိုင်ဝေးပြီး အကြမ်းဖက်စစ်အုပ်စုက တစ်ခါမှ မဝင်ဖူးသေးတဲ့ရွာလည်း ဖြစ်ပါတယ်။ 

မြို့အရှေ့ဘက်ခြမ်းက ရွာတွေကတော့ စစ်တပ်ရဲ့ ထင်သလိုရမ်းကားဖိနှိပ်ခြင်းကို နေ့စဥ်နဲ့အမျှ ခံစားနေရပြီး ဒလံတွေရဲ့ လိမ်ညာသတင်းပေးမှုကြောင့် ရွာသားတွေလည်း ဖမ်းဆီး ရိုက်နှက်စစ်ဆေးထားခံနေရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့မှာ စစ်တပ်က လာရောက်တပ်စွဲထားတာ လဝက်လောက် ရှိနေပြီလို့ သိရပါတယ်။

2 weeks Ago

January 23, 2021

စစ်ကိုင်းတိုင်းတွင် ကုန်ထုတ်လမ်း ၅၁ လမ်းနှင့်တံတား ၁၁၆ စင်း ၅ လအတွင်း အပြီးဆောက်မည်

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကုန်ထုတ်လမ်း ၅၁ လမ်းနဲ့ ကုန်ထုတ်တံတား ၁၁၆ စင်းကို ဇန်နဝါရီလမှစတင်ကာ ၅ လအတွင်း အပြီးဆောင်ရွက်မယ်လို့ သိရပါတယ်။ ကုန်ထုတ်လမ်းပေါင်း ၅၁ လမ်းကို မြို့နယ်ပေါင်း ၃၂ မြို့နယ်မှာ ဖောက်လုပ်သွားမှာဖြစ်ပြီး ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၂၈၂၇ ဒဿမ ၅ သန်းနဲ့ ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပြောပါတယ်။ "ကုန်ထုတ်လမ်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်သက်‌သာအောင်နဲ့ သယ်ယူစရိတ်တွေသက်သာလျှော့နည်းအောင်လို့ ရည်ရွယ်တာပါ။ လယ်ကြား၊ ယာကြားမှာ ကုန်ထုတ်လမ်းဖောက်ပေးလိုက်တော့ ကုန်စည်က ဈေးကွက်ထဲကို မြန်မြန်ဆန်ဆန်ရောက်စေနိုင်ပါတယ်။ နောက်ပြီး အခုလို ကုန်ထုတ်လမ်းဖောက်လုပ်လိုက်တော့ ဒေသတွင်းက လယ်ယာမြေတန်ဖိုးတွေလည်း မြင့်တက်သွားစေပါတယ်။"  ကုန်ထုတ်တံတားပေါင်း ၁၁၆ စင်းကိုတော့ မြို့နယ်ပေါင်း ၂၃ မြို့နယ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၁၄၀၄ ဒသမ ၅၈ သန်းနဲ့ ဆောင်ရွက်သွားမယ်လို့ ဦး‌ဝင်းကျော်မျိုးက ဆိုပါတယ်။ "တံတား ၁၁၆ စင်းကတော့ မြို့နယ် ၂၃ မြို့နယ်ထဲက ပြီးခဲ့တဲ့နှစ်က ဖောက်လုပ်ခဲ့တဲ့ လမ်းတွေအပေါ်မှာရော၊ ဒီနှစ်ဖောက်လုပ်မယ့် လမ်းတွေအပေါ်မှာပါ တည်ဆောက်သွားမှာဖြစ်ပါတယ်။"  အခုလုပ်ငန်းအားလုံးအတွက် တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက သက်ဆိုင်ရာဒေသတွေမှာ လုပ်ငန်းတွေကို စတင်နေပြီဖြစ်ပြီး လာမယ့်မေလအကုန် ပြီးစီးအောင်‌ ဆောင်ရွက်ရမယ်လို့ သိရပါတယ်။ ရန်နိုင်စိုး
4 months Ago
More News
Up