တောမီးလောင်

December 3, 2020

သြစတြေးလျရှိ ကမ္ဘာ့အကြီးဆုံး သဲကျွန်း၌ တောမီးလောင်

သြစတြေးလျ မီးသတ်သမားတွေဟာ ကမ္ဘာ့အကြီးဆုံး သဲကျွန်းဖြစ်တဲ့ ဖရေဇာကျွန်းပေါ်မှာ အကြီးအကျယ် လောင်နေတဲ့ တောမီးကို ဒီဇင်ဘာ ၂ ရက်က အသည်းအသန် ကြိုးစား ငြှိမ်းသတ် နေကြပါတယ်။  ဒီတောမီးဟာ သီတင်းပတ် ၆ ပတ်ကြာ လောင်ကျွမ်းနေလို့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ကျွန်းရဲ့ အရှေ့မြောက် ကမ်းရိုးတန်းဆီကို ထွက်ပြေးခဲ့ရပါတယ်။  မီးဟာ ကျွန်းရဲ့ တဝက်နီးပါးလောက်ဖြစ်တဲ့ ဧက ၁၈၈,၀၀၀  နီးပါးကို လောင်ကျွမ်းခဲ့တာပါ။ ဒီနေရာဟာ သဲသောင်ခုံတွေနဲ့ အပူပိုင်း မိုးသစ်တောတွေကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်က စပြီး မီးငြှိမ်း ဂျယ်လီတွေနဲ့ ရေလီတာ ၁ သန်းကျော်ကို သုံးပြီး မီးသတ်နေခဲ့တယ်လို့ ကွင်းစလန်ပြည်နယ် မီးသတ်ဌာနက ပြောပါတယ်။ အခြေအနေက ခန့်မှန်းလို့ မရနိုင်ဘဲ အမြန် ပြောင်းလဲနိုင်တယ်လို့ ကွင်းစလန်ပြည်နယ် အရေးပေါ်ဌာနက ပြောပါတယ်။  ကျွန်းပေါ်က အကြီးဆုံးအပန်းဖြေစခန်းတွေမှာ နေကြတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေဟာ အချိန်မရွေး ထွက်သွားနိုင်ဖို့ ပြင်ဆင်ထားသင့်တယ်လို့လည်း သတိပေး ထားပါတယ်။ သြစတြေးလျနိုင်ငံရဲ့ တောမီးရာသီမှာ ပထမဆုံး အကြီးစား အပူလှိုင်း စတင်ဖြတ်သန်း တည်းက နိုင်ငံအရှေ့မြောက်ပိုင်း ဒေသရှိ အစိတ်အပိုင်းအတော်များများမှာ လုံးဝ မီး မသုံးဖို့ တားမြစ်ထားပါတယ်။  
5 months Ago

September 28, 2020

ကယ်လီဖိုးနီးယား နာပါတောင်ကြား၌ တောမီးလောင်၊ နေအိမ် ရာချီ ဘေးလွတ်ရာရွှေ့

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းအချက်အခြာ နာပါတောင်ကြားမှာ စက်တင်ဘာ ၂၇ ရက်နေ့က တောမီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။  လေပြင်းတိုက်ခြင်းကြောင့် ဧက ၁၀၀၀ ကျော်လောက် တောမီး လောင်ကျွမ်းခဲ့ပြီး ရာပေါင်းများစွာသော အိမ်တွေနဲ့ဆေးရုံတရုံကို ဘေးကင်းရာ ရွှေ့ပြောင်းထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆန်ဖရန်စ္စကိုမြို့ မြောက်ဘက် ၇၅ မိုင် အကွာက ဝိုင်ချက်လို့ ကျော်ကြားတဲ့ ဒေသမှာ လူနေရပ်ကွက်တွေနဲ့ စပျစ်ခင်းတွေကို ခြိမ်းခြောက်နေတဲ့ တောမီးကို မီးသတ်သမားတွေ ကြိုးစား ငြှိမ်းသတ်နေရပါတယ်။  မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့အပြင် ထိခိုက်ဒဏ်ရာရသူ ကြေညာတာ မရှိသေးပါဘူး။  စက်တင်ဘာ ၂၈ မနက်ပိုင်းထိ နာပါတောင်ကြားမှာ တောမီးဘေးအန္တရာယ် သတိပေးချက် အနီရောင်အလံကို ဆက်သတ်မှတ်ထားပါတယ်။  စန်တာ အန်နာဒေသက လေပြင်းတွေနဲ့ စိန်ဒီယေဂိုကနေ လော့စ်အိန်ဂျလိစ်နဲ့ ဗန်တူရာ မြို့နယ်တွေထိ လေထုစိုထိုင်းဆ နိမ့်ပါးမှုတွေကြောင့် တောမီးဟာ စက်တင်ဘာ ၂၈ ရက်အထိ ကာလီဖိုးနီးယား ပြည်နယ်တောင်ပိုင်းတလွှားမှာ ဆက်ရှိနေမယ်လို့ ကာလီဖိုးနီးယားမီးသတ် ဌာနက ပြောထားပါတယ်။
7 months Ago
More News
Up