တောင်အာဖရိက

January 26, 2021

ဗြိတိန်နှင့် တောင်အာဖရိက မျိုးကွဲကိုရိုနာဗိုင်းရပ်စ်များကို ကာကွယ်နိုင်ဟု မိုဒါနာကုမ္ပဏီ ပြော

အမေရိကန်နိုင်ငံအခြေစိုက် မိုဒါနာ ကာကွယ်ဆေး ထုတ်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးဟာ ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲတွေကနေပါ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်တယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

မိုဒါနာက “ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇမျိုးကွဲကို စမ်းသပ်ရာမှာတော့ ရောဂါပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်းရဲ့ တုံ့ပြန်မှုတွေ လျော့ကျမသွားတာ တွေ့ရတယ်။ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇမျိုးကွဲသစ်ကို စမ်းသပ်ရာမှာ ပဋိပစ္စည်းတုံ့ပြန်မှု လျော့ကျလာတာကို တွေ့ခဲ့ပေမယ့် ထိုးဆေး ၂ ကြိမ် ထိုးပြီးရင်တော့ ကာကွယ်နိုင်မယ်လို့ ယုံကြည်နေဆဲပဲ။ တောင်အာဖရိက ဗီဇမျိုးကွဲကို ပစ်မှတ်ထားပြီး ကာကွယ်ဆေးအသစ်ကို စမ်းသပ်မယ်” လို့  သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇမျိုးကွဲအသစ်တွေ ပေါ်လာလို့ ဒီမျိုးကွဲသစ်တွေဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လျော့နည်းစေမှာကို စိုးရိမ်နေကြတာပါ။

ဘေးလာကောလိပ် အပူပိုင်းဒေသ ဆေးပညာအမျိုးသားဌာနရဲ့ ဌာနမှူး ဒေါက်တာ ပီတာဟိုတက်ဇ်က “ဗိုင်းရပ်စ်ကို သတ်တဲ့နေရာမှာ ကာကွယ်ဆေးရဲ့ စွမ်းအင် ခြောက်ပုံတပုံ လျော့ကျသွားတယ်လို့ ကျနော် ကြားထားတယ်။ ဒါပေမဲ့ ပဋိပစ္စည်းရဲ့ စွမ်းအင်အဆင့်က မြင့်နေဆဲမို့ ဒီလို လျော့ကျပေမယ့် ကာကွယ်ရေးနည်းနည်းကျဆင်းနိုင်ပေမယ့် အနှောင့်အယှက် မဖြစ်နိုင်ဘူး။ ကာကွယ်ဆေးက ထိထိရောက်ရောက် ကာကွယ်နိုင်တုန်းပဲ” လို့  ပြောပါတယ်။

ကာကွယ်နိုင်စွမ်းလျော့ကျတဲ့ သက်သေတွေ ပေါ်ထွက်လာခဲ့ရင် အနာဂတ်မှာ ကာကွယ်ဆေး ထိုးဆေးအသစ်ကို ထုတ်နိုင်တယ်လို့လည်း မိုဒါနာက ပြောပါတယ်။

ဖိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းနဲ့ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီတို့ကလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇမျိုးကွဲကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း စမ်းသပ်ချက်တွေက ပြထားပါတယ်။ ဒါပေမဲ့ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇမျိုးကွဲနဲ့ ပတ်သက်တဲ့ ရလဒ်တွေတော့ မသုံးသပ်ရသေးဘူးလို့ ပြောပါတယ်။

မိုဒါနာဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇမျိုးကွဲတွေအပေါ် သူတို့ စမ်းသပ်ချက်က ရတဲ့ သတင်းအချက်အလက်တွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာ ဘိုင်အိုအာခိုက်ဗ်ပေါ်မှာ ဖြန့်ချိထားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

3 months Ago

December 26, 2020

တောင်အာဖရိကနှင့် ဇင်ဘာဘွေ နယ်စပ်ဖြတ်ကျော် ကြန့်ကြာမှုကြောင့် ၁၅ ဦး သေဆုံး

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေကြောင့် တောင်အာဖရိကနဲ့ ဇင်ဘာဘွေ နယ်စပ် ဖြတ်ကျော်ရာမှာ ကြန့်ကြာတာတွေရှိပြီး မကြာသေးခင် သီတင်းပတ်တွေမှာ လူ ၁၅ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။ ဇင်ဘာဘွေဘက်ခြမ်း ဘိုက်ဘရစ်ချ်မြို့မှာ ဆေးဝါးကိရိယာ မရှိတာကြောင့် ပင်ပန်းနွမ်းနယ်၊ ကျန်းမာရေးမကောင်းဖြစ်ပြီး အများအပြား သေဆုံးရတယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။ ဒီလို သေဆုံးတာတွေနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို တောင်အာဖရိကအစိုးရနဲ့ ရဲတပ်ဖွဲ့က မဖြေကြားသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးတာတွေကြောင့် အားလပ်ရက်မှာ ရွှေ့ပြောင်းလုပ်သားတွေ မိခင်နိုင်ငံ ပြန်ခွင့်ရဖို့ အချိန်တွေ ပိုပြီးကြန့်ကြာခဲ့ရပါတယ်။ ဇင်ဘာဘွေ ရွှေ့ပြောင်းလုပ်သား ၁ သန်းခွဲ လက်ခံထားတဲ့ တောင်အာဖရိကဟာ ကိုဗစ် ကူးစက်မှု ဒုတိယလှိုင်း ကြုံတွေ့နေရပါတယ်။ မျိုးဗီဇပြောင်းလဲသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုတွေ တိုးလာတယ်လို့ အာဏာပိုင်တွေက သံသယဝင်နေပါတယ်။ အခုဆိုရင် တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သန်းနီးပါး ရှိလာပြီလို့  ရိုက်တာက ဖော်ပြပါတယ်။
4 months Ago
More News
Up