တောင်အမေရိက

September 5, 2020

ကိုလံဘီယာ၌ တောင်အမေရိကတိုက်၏အရှည်ဆုံး ကားလမ်းဥမင် ဖွင့်လှစ်

တောင်အမေရိကတိုက်ရဲ့ အရှည်ဆုံးမော်တော်ကားလမ်းဥမင်ကို ကိုလံဘီယာနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ တည်ဆောက်ခဲ့ပြီးနောက် စက်တင်ဘာ ၄ ရက်က  ဖွင့်လှစ်ခဲ့ပါတယ်။    တူနယ်ဒယ်လာ လီနီယာဆိုတဲ့ မော်တော်ကားလမ်းဥမင်ဟာ ၅ ဒသမ ၄ မိုင် ရှည်လျားပြီး  ပစိဖိတ်သမုဒ္ဒရာဆိပ်ကမ်းမြို့  ဘွယ်နာ ဗန်သိုရာကနေ  ကိုလံဘီယာနိုင်ငံအလယ်ပိုင်းဆီ  ကုန်စည် တွေ ပို့ဆောင်ရာမှာ ကြာမြင့်ချိန်နဲ့  စရိတ်စက လျော့နည်းစေဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာပါ။  သမ္မတ အီဗန်ဒူကေးကလည်း  ဒါဟာ ကိုလံဘီယာသမိုင်းမှာ အရေးကြီးဆုံး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းဖြစ်တာမို့  ဒီနေ့ဟာ နိုင်ငံအတွက် သိပ်ကို ထူးခြားတဲ့နေ့ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။   ကိုလံဘီယာနိုင်ငံအနောက်ပိုင်းက အင်ဒီးစ်တောင်စဉ်တွေကို ဖြတ်သန်းဖောက်လုပ်တဲ့ ဒီပရောဂျက်ဟာ  ပီဆိုငွေ တစ်ထရီလီယံကျော် (အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀ ခန့်) ကုန်ကျခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
8 months Ago

May 23, 2020

တောင်အမေရိကသည် ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မသစ်ဖြစ်ဟု WHO ပြော

တောင်အမေရိကဟာ ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မသစ် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က မေ ၂၂ ရက်မှာ ပြောပါတယ်။ ငှက်ဖျားဆေး ဟိုက်ဒရော့ဇီကလိုရိုကွင်းကို နောက်ထပ်စမ်းသပ်ချက်တွေ မလုပ်ပြီးမချင်း ကိုရိုနာဗိုင်းရပ်စ် ကုသဆေးအဖြစ် သုံးဖို့ရာ ထောက်ခံတဲ့ အထောက်အထား အလုံအလောက် မရှိဘူးလို့လည်း WHO အရေးပေါ်လုပ်ငန်းများအစီအစဉ် အကြီးအကဲ မိုက်ရိုင်ယန်က ပြောပါတယ်။ လက်ရှိ တောင်အမေရိကမှာ ဘရာဇီးအစိုးရက ဟိုက်ဒရော့ဇီကလိုရိုကွင်းကို ကိုရိုနာဗိုင်းရပ်စ် ကုသဆေးအဖြစ် သုံးဖို့ ခွင့်ပြုထားပါတယ်။  ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ရပ်တန့်ကုန်တာကြောင့် ဆုံဆို့နာ၊ ဝက်သက်နဲ့ ပိုလီယို စတဲ့ ကာကွယ်ဆေးနဲ့ ကြိုကာကွယ်နိုင်တဲ့ ရောဂါတွေကို ကမ္ဘာတဝန်းက လူပေါင်း သန်း ၈၀ ခန့် ကြုံတွေ့နိုင်တဲ့အန္တရာယ် ရှိတယ်လို့လည်း ယူနီဆက်ဖ် အကြီးအကဲ  ဟန်နရီယက်တာဖိုးက သတိပေးပြောဆိုခဲ့ပါတယ်။
12 months Ago
Up