တောင်သာမြို့နယ်

May 23, 2021

တောင်သာမြို့ရှိ သာစည်ရွာသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး

မန္တလေး တောင်သာမြို့ သာစည်ရွာမှာ မေလ ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အယောက် ၂၀ လောက် စီးနင်းပြီး ရွာသား ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

သူတို့လိုချင်တဲ့သူကို မတွေ့လို့ အဆိုပါလူရဲ့ ယောက္ခမဖြစ်သူ အသက် ၅၀ အရွယ် ဦးစိန်အောင် နဲ့ ဒေါ်ဝင်းမြိုင်တို့ လင်မယားကို ဖမ်းဆီးသွားပါတယ်။ ဒါ့အပြင် အသက် ၄၀ အရွယ် ကိုမိုးဆိုသူကိုလည်း ဖမ်းဆီးသွားတာပါ။ 

"အခုဖမ်းသွားတဲ့သူတွေက ဆန္ဒပြတောင် လိုက်တာမဟုတ်ဘူး။ NLD ကို မဲပေးခဲ့တာပဲ ရှိတာ။ ကျနော်တို့ရွာက ဒလန်တွေ ပေါတော့ ဒလန် အမြင်ကတ်ရင်  မဆိုင်ဘဲ အဖမ်းခံနေရတယ်'' လို့ ရွာသားတစ်ဦးက ပြောပါတယ်။ 

ရွာကို အကြမ်းဖက်စစ်တပ်က ဝင်စီးတာ ၆ ကြိမ်လောက်ရှိနေပြီး ရွာမှာ တက်ကြွလှုပ်ရှားသူလို့ နာမည်ထွက်နေတဲ့သူတိုင်း တောထဲမှာ ပုန်းနေကြရတယ်လို့သိရပါတယ်။

မေလ ၁၈ ရက်နေ့တုန်းကလည်း ရွာက CDM ကျောင်းဆရာ ကိုငြိမ်းမင်းဌေး အဖမ်းခံလိုက်ရပါတယ်။ အရင်က ရွာကို ညဘက်ဝင်စီးပြီး အော်ဟစ်ကာ မြင်မြင်သမျှ  သေနတ်နဲ့ လိုက်ပစ်တယ်လို့လည်း ရွာသားတွေက ပြောပြပါတယ်။

4 weeks Ago

March 14, 2021

တောင်သာမြို့နယ် ချုံကြီးကျေးရွာတွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ချုံကြီး(ခ)သာယာကြီးရွာမှာ မနေ့ညက စစ်တပ်က ကျည်အစစ်၊ ရာဘာကျည်တွေ အသုံးပြုပြီး အချက် ၈၀ လောက် ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၅ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၅ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

မတ်လ ၁၃ ရက်နေ့ မနေ့ည ၈ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်နေစဥ် တပ်မတော်ထောက်ခံသူတစ်ဦးက လူအုပ်ထဲကို ဆိုင်ကယ်နဲ့ နောက်ကနေ ဝင်တိုက်ခဲ့တယ်လို့ ဆန္ဒပြ ကျေးရွာသားတဦးက ပြောပါတယ်။

ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့သူဟာ စစ်ကောင်စီကနေ ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ထဲကို ဝင်ရောက် တိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရွာခံလူထုက ဆိုင်ကယ်နဲ့ တိုက်သူကို ထုတ်ပေးဖို့ တောင်းဆိုပေမယ့် အုပ်ချုပ်ရေးမှူးက ထုတ်မပေးတာကြောင့် အုပ်ချုပ်ရေးမှူးအိမ်ကို လူထုက ဝိုင်းရံခဲ့ကြတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

ဒီနောက် အုပ်ချုပ်ရေးမှူးကနေ တောင်သာမြို့ပေါ်မှာရှိတဲ့ စစ်တပ်ကို အကြောင်းကြားခဲ့တာကြောင့် ည ၉ နာရီခွဲအချိန်မှာ စစ်ကားတွေနဲ့ စစ်သားတွေ ရောက်ရှိလာခဲ့ပြီး ရွာထဲဝင် ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

3 months Ago
More News
Up