တောင်တွင်းကြီး

October 10, 2021

တောင်တွင်းကြီးတွင် ဆန်စက်ပိုင်ရှင် ၁ ဦးကို စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၁ ရပ်ကွက်၊ မကွေးလမ်းပေါ်မှာရှိတဲ့ ဆန်းနီအောင်-ဆန်စက်ပိုင်ရှင် ဦးအေးကို ကို အောက်တိုဘာ ၉ ရက်ည ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက ''ဘာကြောင့်ဖမ်းတာလည်း မသိဘူး။ အိမ်က ဖုန်းတွေလည်း အကုန်သိမ်းသွားတယ်။ မျက်နှာကိုလည်း အဝတ်စည်းပြီး ခေါ်သွားတယ်။ ဘယ်ကို ဖမ်းသွားတာ လည်း မသိဘူး'' လို့ပြောပါတယ်။

အသက် ၅၀ လောက်အရွယ်ရှိတဲ့ ဦးအေးကိုမှာ ဆီးချို၊ သွေးချိုရောဂါရှိတာကြောင့် အကြမ်းဖက်စစ်ကောင်စီက နှိပ်စက်ညှဉ်းပန်းမှာကို မိသားစုတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

တောင်တွင်းကြီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၂၀၀ နီးပါးရှိနေပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးဟာ ရာသတ်ကြီး ပုဒ်မ ၅၀၅(က) အပါအဝင် တခြားပုဒ်မတွေနဲ့ မတရား ဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်ကစတင်ပြီး အင်တာနက်ဖြတ် တောက်ထားပါတယ်။

7 days Ago

October 7, 2021

တောင်တွင်းကြီးတွင် စစ်မှုထမ်းဟောင်းများကို စစ်တပ်ကပြန်ခေါ်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းဖို့ စစ်တပ်က ပြန်လည်ခေါ်ယူနေတယ်လို့ မြို့နယ်စစ်မှုထမ်းဟောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

မြို့နယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတဦးက ''ပြန်ခေါ်တဲ့စစ်မှုထမ်းဟောင်းတွေထဲမှာ ဆေးဘုတ်နဲ့ ပင်စင်ယူထားတဲ့သူတွေကို အဓိကထားပြီးပြန်ခေါ်နေတာ။ အကျိုးအပြတ်နဲ့ အသက်အရမ်းကြီးနေရင်လည်း ပြန်မခေါ်ဘူး'' လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထဲကို ပြန်ဝင်သူတွေဟာ မူရင်းပင်စင်လစာအပြင် နောက်ထပ်လစာအဖြစ်ကျပ် ၃ သိန်းထပ်မံရရှိမယ်လို့ ဆိုပါတယ်။

တပ်ထဲပြန်ဝင်သွားသူတဦးရဲ့ မိသားစုဝင်တဦးက ''ပင်စင်က ၈ သောင်းလောက်ပဲရတာ။ ကလေးတွေကများပြီး အလုပ်ကလည်းမရှိတော့ တပ်ထဲပြန်ဝင်သွားတာ ၂  လပြည့်တော့မယ်။ လစာ ၃ သိန်းရမယ်တော့ ပြောသံကြားတယ်။ ဘယ်တပ်ထဲမှာလည်း မသိဘူး။ အဆက်အသွယ်မရသေးဘူး။ အခုထိတော့ အိမ်ကို ပိုက်ဆံပြန်မလွှဲသေးဘူး။ ရှေ့တန်းတော့မထွက်ရဘူး ပြောတာဘဲ။ လုံခြုံရေးသက်သက်ပဲဆိုလို့ လိုက်သွားတာ။ ကျန်တာတော့ မသိတော့ဘူး'' လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ စစ်မှုထမ်းဟောင်း ၁၀၀ နီးပါးဟာ စစ်တပ်ထဲကို ပြန်လည်ဝင်ရောက်သွားပြီလို့  မြို့နယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

1 week Ago
More News
Up