တောကျွဲအင်း​

October 17, 2021

​တောကျွဲအင်း​မြို့က သပိတ်ခေါင်း​ဆောင် ၅ ဦးကို စစ်ကောင်စီက မဟုတ်မမှန်စွပ်စွဲ ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ​တောကျွဲအင်း​မြို့က သပိတ်ခေါင်းဆောင် ၅ ဦး စစ်သင်တန်းတက်​ရောက်​ပြီ အ​ကြမ်းဖက်လုပ်ငန်း​တွေ လုပ်ဆောင်တယ်လို့ မဟုတ်မမှန်စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရတယ်လို့  ဒေသခံတွေက ပြောပါတယ်၊

ဖမ်းဆီးခံရသူ ၅ ဦးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီနောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သူတွေသာ ဖြစ်ပြီ စ​စ်ကောင်စီက အမှုဖွင့် လိုက်လံဖမ်းဆီးတာကြောင့် ရှောင်ပုန်းနေကြတဲ့သူ​တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ထုတ်​ပြန်သလို စစ်သင်တန်းတက်ရောက်​ပြီး အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်နေတဲ့သူတွေ မဟုတ်ဘဲ ရှောင်ပုန်း​နေ​ကြချိန်မှာ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ​​ပြောပါတယ်၊

သူတို့ ငါးဦးအဖမ်းခံရစဥ်က လက်နက်​ခဲယမ်းတွေနဲ့အတူဖမ်းမိခံရတာ မဟုတ်ဘဲ စစ်​ကောင်စီက သတင်းထုတ်​ပြန်မှ လက်နက်​တွေနဲ့ ဓာတ်ပုံတွဲရိုက်ထားတာ ​မြင်ရတာ​ဖြစ်​ပြီ မဆိုင်တဲ့သူ ၄ ဦးကိုပါ အမှုနဲ့ ဆက်နွှယ်တယ်ဆိုကာ လိုက်လံဖမ်းဆီး​နေတယ်လို့ ဆိုပါတယ်။

ဒေသခံက “သူတို့ ၅ ယောက် ဖမ်းဆီးခံလိုက်ရချိန်မှာ ဘာလက်နက်မှ မရှိဘူး။ သတင်းထုတ်ပြန်မှ လက်နက်တွေက ပါလာတာ။ သူတို့လက်နက်တွေဆိုပြီး လုပ်သွားတာ။ ပြီးတော့ မဆိုင်တဲ့သူ ၄ ဦးကိုပါ အမှုထဲ ဆွဲထည့်ထားတယ်။” လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့က သပိတ်​ခေါင်း​ဆောင်​တွေ​ဖြစ်တဲ့ ပြည့်ဖြိုးဟိန်း (ခ)ကိုဟိန်း၊ အောင်ဝင်းစိုး၊ စိုးပိုင်၊ လှမျိုးဦး(ခ)ဖိုးစိုး၊ ​ငြိမ်းချမ်းတို့ ငါးဦးကို ​အောက်တိုဘာ ၁၄ ရက်က ဖမ်းဆီးမိပြီ စစ်ဆေးမေးမြန်းချက်အရ လက်နက်တွေထားတဲ့နေရာကို ရှာဖွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဇော်မင်းအောင်(ခ)ဇော်လေး၊ ကျော်သူရ၊ ခင်မောင်စိုး၊ နန္ဒမင်းအောင်တို့ ၄ ဦးကိုလည်း ပတ်သက် ဆက်နွှယ်သူများအဖြစ် စွပ်စွဲကာ မိသားစုဝင်တွေကို စ​စ်ကောင်စီက အဓမ္မရိုက်နှတ် မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ ပြည့်ဖြိုးဟိန်း(ခ)ကိုဟိန်း၊ အောင်ဝင်းစိုး၊ စိုးပိုင်၊ လှမျိုးဦး(ခ)ဖိုးစိုး၊ ငြိမ်းချမ်း တို့အပြင် ပတ်သက်ဆက်နွှယ်သူ ဆိုတဲ့ ဇော်မင်းအောင်(ခ)ဇော်လေး၊ ကျော်သူရ၊ ခင်မောင်စိုး၊ နန္ဒမင်းအောင်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၄၉(က) /၅၀ (က) / ၅၂ ( က) တို့နဲ့ အမှုဖွင့် ထားပါတယ်။

1 year Ago
Up