တိုင်းနှင့်ပြည်နယ်အားကစားပွဲ

June 11, 2019

စစ်ကိုင်းတိုင်းဂုဏ်ဆောင် အားကစားသမားများကို တိုင်းအစိုးရက ကျပ်သိန်း ၂၀၀ ကျော် ဂုဏ်ပြုချီးမြှင့်

၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အလိုက် အားကစားပြိုင်ပွဲတွေမှာ စစ်ကိုင်းတိုင်း ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့ အားကစားသမားတွေနဲ့ အုပ်ချုပ်သူ နည်းပြအဖွဲ့တွေကို တိုင်းဒေသကြီး အစိုးရက စုစုပေါင်း ကျပ်သိန်း ၂၀၀ ကျော် ချီးမြှင့် ဂုဏ်ပြုလိုက်ပါတယ်။ ဒီနေ့မနက်က မုံရွာမြို့မှာ အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး လူငယ်တွေ အားကစားများများလုပ်နိုင်အောင် နှစ်စဉ် ဘတ်ဂျက်ကိုလည်း ပိုမိုချပေးလာတယ်လို့  အခမ်းအနား တက်ရောက်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောပါတယ်။ “လူငယ်တွေ ကျန်းမာရေးအတွက် အားကစားတခုခုကို လိုက်စားဖို့ လိုပါတယ်။ ဒါကြောင့် တိုင်းအတွင်းက မြို့နယ်အားလုံးမှာ အားကစားကွင်း/ကစားရုံတွေကို တည်ဆောက်ဖို့ နှစ်စဉ် ဘတ်ဂျက် တိုးမြှင့်ချထားပေးနေပါတယ်။ ၂၀၁၆-၁၇ တုန်းက တခရိုင်ကို ကျပ်သိန်း ၆၀၊  တမြို့နယ်ကို ကျပ်သိန်း ၄၀ ထောက်ပံ့ခဲ့ရာက ၂၀၁၉-၂၀၂၀ မှာတော့ တခရိုင်ကို ကျပ်သိန်း ၁၅၀၊ တမြို့နယ်ကို ကျပ်သိန်း ၁၀၀ ထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် မြို့တိုင်းမှာ ကိုယ်လက်လှုပ်ရှား အားကစားအတွက် Outdoor Fitness အစုံ ၁၄၇ ခုကိုလည်း တပ်ဆင်ပေးထားပြီး ဖြစ်ပါတယ်။” အခမ်းအနားမှာ တံခွန်စိုက်ဆု ရရှိခဲ့ကြတဲ့ ဘတ်စကက်ဘော (မ) အသင်း၊ U-25 ပြေးခုန်ပစ် (ကျား) အသင်းနဲ့ U-19 ဘောလုံး (ကျား) အသင်းတို့က သူတို့ရရှိခဲ့တဲ့ တံခွန်စိုက်ဆုတွေကိုလည်း တိုင်းအစိုးရကို ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းက အားကစားအဖွဲ့တွေဟာ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပတဲ့ တိုင်းနဲ့ပြည်နယ် အားကစားပြိုင်ပွဲတွေမှာ  ရွှေတံဆိပ် ၂၀ ခု၊ ငွေတံဆိပ် ၄၁ ခုနဲ့ ကြေးတံဆိပ် ၄၉ ခု စုစုပေါင်း ဆုတံဆိပ် ၁၂၀ ရရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကထက် ဆုတံဆိပ် ၂၃ ခု ပိုခဲ့တဲ့အပြင် တိုင်းနဲ့ပြည်နယ် အလိုက်မှာလည်း အဆင့် ၁ ဆင့်တိုးလာကာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ စစ်ကိုင်းတိုင်းအနေနဲ့ တိုင်းနဲ့ပြည်နယ် အဆင့် ၇ ရရှိခဲ့ပြီး ရွှေတံဆိပ် ၂၀ ခု၊ ငွေတံဆိပ် ၃၁ ခုနဲ့ ကြေးတံဆိပ် ၃၆ ခု စုစုပေါင်း ဆုတံဆိပ် ၉၇ ခုသာ ရရှိခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲ အခမ်းအနားကို တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးတွေ၊ အားကစားသမားတွေ၊ နည်းပြတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) ကိုလည်း ဖွင့်လှစ်ထားပြီး အခုပညာသင်နှစ်မှာ အားကစားနည်း ၁၀ မျိုးအတွက် ကျောင်းသားကျောင်းသူ ၂၈၁ ယောက်ကို လက်ခံသင်ကြားပေးနေပါတယ်။
2 years Ago
Up