တိုင်းလိုင်

July 16, 2021

တိုင်းလိုင်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ တိုင်းလိုင်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကို စစ်ကောင်စီတပ်က ဇူလိုင် ၁၅ ရက်နေ့ည ၇ နာရီလောက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မိသားစုဝင်တစ်ဦးက “မနေ့ညက ခန္တီးမြို့ပေါ်မိုင်းရပ်ကွက်ကမ်းနားလမ်းက ကိုစိုင်းဘိုဘိုအောင်ကို စစ်သားတွေ၊ ရဲတွေ သူ့နေအိမ်မှာ လာဖမ်းသွားတယ်။ ဘာအတွက် ဖမ်းတယ်ဆိုတာ မသိရဘူး။ ခဏလေးစစ်ဆေးစရာရှိလို့ဆိုပြီး လာခေါ်သွားတယ်၊ အခုချိန်ထိ တွေ့ခွင့်မရသေးဘူး။ အခုမနက်ပိုင်းတော့ ရဲ ၂ ယောက်က အိမ်မှာ အဝတ်စားတွေ လာတောင်းတယ်။ အခု ခန္တီးမြို့ ၃ မိုင်ထောင်ပို့ဖို့ဆိုပြီး လာပြောသွားတယ်။ ကျမတို့ ဥပဒေအတိုင်း လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။

တိုင်းလိုင်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ကိုစိုင်းဘိုဘိုအောင်ဟာ  ခန္တီးမြို့ကနေ ၂၀၂၀ ရွေးကောက်ပွဲတုန်းက တိုင်းဒေသကြီး အမှတ် ၂ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးခဲ့ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

3 months Ago
Up