တိုက်ပွဲဖြစ်

October 12, 2021

ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာ စိုးရိမ်ရ

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့  မကွေးတိုင်းရေစကြိုမြို့နယ်ကြားမှာရှိတဲ့ ကျေးရွာတွေမှာ  စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့   အောက်တိုဘာလ ၁၁ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားကြပြီး  စစ်ကောင်စီဘက်က ၁ ဦး သေဆုံးကာ  ၄ ဦး ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းနဲ့ အင်အား အယောက် ၈၀ လောက်က ရေစကြိုမြို့နယ်  မိဖုရားရွာထဲဝင်လာပြီး သေနတ်နဲ့ စတင်ပစ်ခတ်ရာက တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မိဖုရားနဲ့ ကျွဲကုန်းကြားမှာ မြေနီလမ်းပေါ်လောက်က ထုနေတဲ့အသံတွေ ကြားတယ်။ နောက်ပိုင်းကားတွေကို သေချာမထိဘူး ထင်တယ်။ တန်းမောင်းသွားကြတာ တွေ့တယ် မိုင်းဆွဲတာ၊ ကားအဖြူနဲ့ စစ်ကားတစ်စီးပဲ စစ်ကားပေါ်မှာ လူနည်းနည်းလေးပဲကျန်ခဲ့တာ ခန့်မှန်း လေး ငါးယောက်လောက်ပဲ ကျန်တဲ့သူတွေက တိုက်တဲ့ထဲမှာ အကုန်ပါတယ်။ နောက်တစ်ချက် ထပ်ကွဲသံကြားတာ ပိုကျယ်တယ်။ မိဖုရားစာသင်ကျောင်းနားမှာဖြစ်တာ။ ကျွဲကုန်း အရှေ့ဘက်မှာ လက်နက်ကြီး ကျတယ်။ ကျွဲကုန်း သင်္ချိုင်းကုန်းနားမှာ RPG နဲ့ ရမ်းထုခံရတယ်။ အရပ်ဝတ်တွေနဲ့ သူတို့ကဒဏ်ရာရတဲ့သူတွေကို သယ်နေကြတာ တွေ့တယ်”လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ရွာသူရွာသားတွေအနေနဲ့ စစ်ဘေးရှောင် ထွက်ပြေးနေကြပြီး မိဖုရားကျေးရွာအရှေ့ စာသင်ကျောင်း ရေကျော်အနီးမှာ စစ်ကောင်စီတပ်က မိုင်း ၃ လုံး ထောင်ခဲ့တာကြောင့် ရွာသားတွေ ပြန်မလာနိုင်သေးဘူးလို့ သိရပါတယ်။

အောက်တိုဘာ  ၁၂ ရက် ဒီမနက်ပိုင်းမှာ မိဖုရားရွာအရှေ့ဘက်မှာ  စစ်ကောင်စီတပ်တွေက ရမ်းသန်း ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ 

စစ်ကောင်စီတပ်က မနက် ၁၀ နာရီလောက်အထိ မိဖုရားရွာအတွင်းကနေ ပြန်လည်ထွက်ခွာခြင်း မရှိသေးတာကြောင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်တယ်လို့ဒေသခံတချို့က ပြောပါတယ်။

2 weeks Ago

October 8, 2021

မူဆယ်မြို့နယ်တွင် ကိုးကန့်နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်တို့မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၇ နာရီလောက်ကစပြီး စစ်ကောင်စီတပ်က မုံးကိုးကနေ ဖောင်းဆိုင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မုံးကိုး ဒေသခံ တဦးက ပြောပါတယ်။

"လက်နက်ကြီးပဲ ပစ်တယ်။ ခဏနေ ပစ်လိုက်၊ ခဏနေ နားလိုက် ပစ်နေတယ်။ ဖောင်းဆိုင်ဘက် တော့ လက်နက်ကြီးရော၊ လက်နက်သေးရော ကြားနေရတယ်။" 

စစ်ကား ၁၀ စီးလောက် စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ဖို့ မုံးကိုးဘက်သွားနေပြီလို့ မုံးကိုး နဲ့ ကြူကုတ် (ပန်ဆိုင်း) ကြားက ရွာခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၇ ရက် ည ၇ နာရီကနေ ည ၁၀ နာရီလောက်အထိ ဖောင်းဆိုင်ဘက်မှာ လက်နက်ကြီးရော လက်နက်ငယ်နဲ့ပါ ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"မနေ့ည ကျနော်တို့ အိမ်နားက ဘော်လုံးကွင်းမှာ ကိုးကန့်တွေ လာပစ်တယ်။ အဲဒီနောက် ဒီမနက်တော့ တင့်ကား စမ်းပစ်တာ ထင်တယ် ခုဏထိ ပစ်‌နေတယ်။ ရွာထဲတော့ ဘာမှ မဖြစ်ဘူး။ ရွာအပြင်ဘက်မို့။"

ကြူကုတ် (ပန်ဆိုင်း) အနီးက နမ့်ဘာတက် ရွာနားမှာလည်း အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီ ၅၀ ခန့်ကနေ ည ၈ နာရီကျော်ထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နမ့်ဘာတက် ရွာခံတဦးက ပြောပါတယ်။

"အစကတော့ တရုတ်တွေ ဗျောက်ဖောက်တယ် ထင်နေတာ ဘယ်ဟုတ်မလဲ။ နှစ်ဖက် ပစ်တာ မီးလျှံတောင် မြင်ရတယ်။ မိုင်းပေါက်သံတွေ လည်းကြားတယ်။ လက်နက်ငယ်ရောပဲ။ လက်နက်ငယ် ကျည်က ရွာဘက်ကျလာတာ။ အမျိုးသားတစ်ယောက်ရဲ့ ခါးနား ရှပ်ထိသွားတယ်။" 

ဒီလိုထိတွေ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင် တို့မှာ ဇူလိုင်လဆန်းပိုင်းကစ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ရှောင်စခန်းတွေမှာလည်း အမိုးအကာတွေ ဆွေးမြေ့ ပျက်စီးလာတာကြောင့် အခက်အခဲ ဖြစ်နေကြသလို ကိုဗစ်-၁၉ ပိုး‌တွေ့ စစ်ဘေးဒုက္ခသည်တွေအတွက်လည်း ဆေးဝါးနဲ့ ကုသရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်ဘက်တွေမှာ စစ်ရေး ပဋိပက္ခကြောင့် လက်နက်ကြီး ကျည်ထိမှန် သေဆုံးသူ အရပ်သား ပြည်သူ ၇ ဦး၊ ဒဏ်ရာရသူ ၂ ဦး၊ မိုင်းနင်းမိ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၁ ဦး၊ အနည်းငယ် ရှပ်ထိ  သူ ၂ ဦး ရှိခဲ့ တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နှစ်ဘက်တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

2 weeks Ago
More News
Up