တိုက်တွန်း

January 15, 2021

မူလတာဝန် ပြန်ထမ်းရန် နုတ်ထွက်စာတင်ထားသည့် BGF ကို တပ်မတော် တိုက်တွန်း

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ နုတ်ထွက်စာတင်ထားတာ ပြန်လည်စဉ်းစားသုံးသပ်ဖို့နဲ့ မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တပ်မတော်ဘက်က ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ BGF တပ်မှူး တစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။ နယ်ခြားစောင့်အကြီးအကဲ၊ တပ်မှူးတွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို ပျက်ပြားသွားအောင် လုပ်မှာ မဟုတ်သလို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာကိုလည်း တပ်ဘက်ကို ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်၊ တပ်ရင်း ၁၃ ရင်းနဲ့ ဗဟိုအကြံပေးရေးအဖွဲ့ ၁၇ ယောက်က  ဇန်နဝါရီ ၁၄ ရက်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆီကို နုတ်ထွက်စာတင်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ BGFတပ်ရင်း ၁၀၁၁ မှာ လုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က စစ်ဆင်ရေးအထူးအဖွဲ့မှူးနဲ့ တိုင်းမှူးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်ဘက်က ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး BGF တပ်ဖွဲ့အတွင်း အစည်းအဝေး ဆုံးဖြတ်ချက်ချပြီးမှ တိတိကျကျ ပြောဆိုနိုင်မှာဖြစ်သလို တပ်မတော်ဘက်ကတော့ စီးပွားရေး လုပ်မယ်ဆိုရင် နုတ်ထွက်ဖို့ ထပ်မံပြောဆိုခဲ့တယ်လို့ နုတ်ထွက်စာတင်ထားတဲ့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။ လက်ရှိမှာ နုတ်ထွက်စာ တင်ထားတဲ့အဆင့်သာ ရှိတဲ့အတွက် BGF တပ်ဖွဲ့အနေနဲ့ ဆက်လက်တည်ရှိနေမှာ ဖြစ်သလို နုတ်ထွက်ဖို့ တောင်းဆိုတာကလည်း အကြီးအကဲတွေ မရှိ တော့တဲ့အတွက် တောင်းဆိုတာဖြစ်ပြီး စစ်ပွဲဖြစ်ဖို့ ဦးတည်တာ မဟုတ်တာကြောင့် ပြည်သူတွေ မစိုးရိမ်ကြဖို့  ဗိုလ်မှူး နိုင်မောင်ဇော်က ဆိုပါတယ်။ BGF ခေါင်းဆောင်ပိုင်းတချို့ကို နုတ်ထွက်ခိုင်းတာကလည်း တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ခေါင်းဆောင်ပိုင်း တချို့ကိုသာ စီးပွားရေးလုပ်ရင် နုတ်ထွက်ဖို့ ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီလုပ်ငန်းတွေမှာပါဝင်ပတ်သတ်ခဲ့တဲ့ တပ်မတော်ဘက်က တပ်မမှူး အဆင့်ရှိသူနဲ့ အရာရှိတွေကိုလည်း အငြိမ်းစားပေးတဲ့အထိ အရေးယူခဲ့ပြီးဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။ ဒီကနေ့ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကို မသိရှိသေးပေမယ့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့လုံခြုံရေးတွေမှာ တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နေတာတွေကို အသိမှတ်ပြုတယ်လို့ ပြောဆိုပါတယ်။ တပ်မတော်ဘက်က နုတ်ထွက်ခိုင်းတဲ့ခေါင်းဆောင်တွေထဲမှာ ဗိုလ်မှူးကြီး စောချစ်သူ ဗိုလ်မှူး မောသို၊ ဗိုလ်မှူး စော‌တင်ဝင်းတို့ဖြစ်ပြီး တပ်နယ် ၄ တပ်မှူးဖြစ်သလို မြဝတီမြို့အခြေစိုက် နယ််ခြားစောင့်တပ် အမှတ် ၁၀၂၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူး စောမောသိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နုတ်ထွက်စာတင်ထားပြီး ဖြစ်ပါတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ဟာ ၂၀၁၀ ခုနှစ်က တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ကနေ ခွဲထွက်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖွဲ့စည်းခဲ့တာပါ။ အောင်သူ၊ ရဲမင်းခေါင်
4 months Ago

January 8, 2021

ဖလားတစ်လုံး ယူပြရန် မန်ယူနည်းပြ ဆိုးလ်ရှားကို နဗီးလ် တိုက်တွန်း

ဆုဖလား တစ်ခုခုကိုမှ မဆွတ်ခူးနိုင်ဘူးဆိုရင် ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ဂယ်ရီနဗီးလ်က သတိပေးပြောကြားလိုက်ပါတယ်။  ယူနိုက်တက်အသင်းဟာ မန်စီတီးအသင်းကို ရှုံးနိမ့်ခဲ့လို့ ကာရာဘောင်းဖလားပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။  ပြီးခဲ့တဲ့ရာသီမှာလည်း ဒီလိုမျိုး ဆီမီးဖိုင်နယ်အဆင့်ကနေ ၃ ကြိမ်တိုင်တိုင်လှည့်ပြန်ခဲ့ရမှု ကြောင့် ယူနိုက်တက်ကစားသမားတွေဟာ ဆုဖလားတွေကို ဆွတ်ခူးဖို့ လုံလောက်တဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု မရှိဘူးလားဆိုတဲ့ မေးခွန်းတွေဟာလည်း ထွက်ပေါ်လာခဲ့ ပြီဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရရှိခဲ့သူဖြစ်ပေမဲ့ နည်းပြဘဝမှာ တော့ အောင်မြင်မှု ကြီးကြီးမားမား ရရှိဖို့ ရုန်းကန်နေရပါတယ်။   ဒီအချက်ကြောင့် ယူနိုက်တက်နည်းပြ သက်တမ်းတလျှောက်လုံး ဝေဖန်မှုတွေ ခံထားရတဲ့ ဆိုးလ်ရှားအနေနဲ့ သူ့နေရာမှာ ကာလရှည်ရှိနေဖို့ဆိုရင် ကလော့နဲ့ ဂွါဒီယိုလာစတဲ့ ပြိုင်ဘက်  နည်းပြတွေလို အောင်မြင်မှုတွေရရှိဖို့ လိုအပ်နေပြီလို့ ယုံကြည်နေပါတယ်။   မန်စီတီးကို ရှုံးနိမ့်ခဲ့အပြီးမှာ ဂယ်ရီနဗီးလ်က “ မန်စီတီးနဲ့ ကာရာဘောင်းပွဲရယ်၊ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲရယ်မှာ ယူနိုက်တက် ပရိတ်သတ်တစ်ဦးအနေနဲ့ မျှော်လင့်ချက်များစွာ ရှိနေတယ်ဆိုတာကို ကျနော်အရင်က ပြောခဲ့ဖူးပါတယ်။ ယူနိုက်တက်အသင်းအခုရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သူဖြစ်လာမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားပေမဲ့  ဖလား တစ်လုံးလောက်တော့လိုချင်တယ်ဆိုတဲ့ ခံစားချက်တော့ ရှိကြပါတယ်” လို့ပြောပါ တယ်။  “ ဒီရာသီကုန်ဆို ဆိုးလ်ရှားအသင်းမှာရှိနေတာ ၂ နှစ်ခွဲရှိပါပြီ။ ၂ နှစ်ခွဲလုံးလုံး ဖလား တစ်လုံးမှ မရခဲ့ဖူးဆိုရင် ဒီအခြေအနေကြောင့် သူဟာ ဖိအားဒဏ်ကို ရင်ဆိုင်ရပါလိမ့်မယ်။ ကလော့ပ်က သူ့အတွက်ဖလား ရဖို့လိုအပ်နေချိန်မှာ ချန်ပီယံလိဂ်ဖလားကို ယူပြခဲ့ပြီးတော့ ဂွါဒီယိုလာဆိုရင်လည်း လိဂ်ဖလားကို ရရှိခဲ့ပါတယ်။ မော်ရင်ဟိုဟာလည်း ရောက်တဲ့အသင်းနဲ့ အတူလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ဆိုးလ်ရှားအနေနဲ့လည်း တစ်စုံတစ်ခုကို လိုအပ်နေပြီ ဖြစ်ပြီး ဒီပွဲမှာ ဗိုလ်လုပွဲကို ရောက်ဖို့ နီးစပ်တဲ့အနေအထားမှာ ရှိနေခဲ့တာပဲဖြစ်ပါတယ်” လို့ နဗီးလ်က ပြောပါတယ်။  မန်စီတီးအသင်းကို မရှုံးခင်အထိ ပုံစံကောင်းရရှိနေတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ  ဇန်နဝါရီ ၁၇ ရက်မှာ အစဉ်အလာပြိုင်ဘက်လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ဝတ်ဖို့ဒ်နဲ့ အက်ဖ်အေဖလားအပြင် သီတင်းပတ်အလည်ပိုင်းမှာလည်း ဘန်လေအသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ 
4 months Ago
More News
Up