တိုက်ကွမ်ဒို

July 24, 2021

တိုကျိုအိုလံပစ်တွင် ထိုင်းအတွက် ပထမဆုံးရွှေတံဆိပ်ဆုကို တိုက်ကွမ်ဒိုမယ် ဆွတ်ခူး

ဂျပန်နိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံအတွက် ပထမဆုံးသော ရွှေတံဆိပ်ဆုကို အမျိုးသမီး တိုက်ကွမ်ဒိုကစားသမား ပန်နီပက်ခ် ဝေါင်ဖက်ထနာကစ်က ဆွတ်ခူးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ထိုင်းတိုင်ကွမ်ဒိုမယ်ဟာ ၄၉ ကီလိုတန်းပြိုင်ပွဲမှာ ပြိုင်ဘက် စပိန်ဆယ်ကျော်သက် အက်ဒရီယန်နာ ဆက်ရေဇို အစ်ဂလေးဇီးယာ့စ်ကို အနိုင်ယူပြီး ခုလိုရရှိခဲ့တာပါ။ ဆားဘီးယားနဲ့ အစ္စရေးပြိုင်ပွဲဝင်တွေကတော့ ကြေးတံဆိပ်တွေ အသီးသီး ရရှိ သွားခဲ့ကြပါတယ်။

ပန်နီပက်ခ် ရွှေတံဆိပ်ဆုရတဲ့ သတင်းအပေါ် ထိုင်းနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်မှာ ချီးကျူးဂုဏ်ပြုကြောင်း တင်ထားခဲ့ပြီး သူ့ကို အားပေးတဲ့ ပရိသတ်တွေ ကလည်း ချီးကျူးဂုဏ်ပြုမှတ်ချက်တွေ ရေးနေကြတာပါ။

ပန်နီပက်ခ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်အကြာကလည်း ရီယိုဒီ ဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

ကမ္ဘာတဝှမ်း ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကန့်သတ်ထိန်းချုပ် မှုတွေနဲ့ ခုတကြိမ် အိုလံပစ်ပြိုင်ပွဲဟာ တမူထူးခြားတဲ့ ပြိုင်ပွဲအနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပြီး ပြိုင်ပွဲမှာ အားကစားအမျိုးအစား ၃၃ မျိုး၊ စံချိန်တင် ပြိုင်ပွဲပေါင်း ၃၃၉ ပွဲ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo- Reuters

3 months Ago
Up