တာဝန်မှရပ်စဲပေးရန်

June 8, 2020

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို တာဝန်မှရပ်စဲပေးရန်  မုံရွာတွင် တကိုယ်တော်ဆန္ဒပြ

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ရာထူးကနေ ရပ်စဲဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်ဖို့   မုံရွာမြို့မှာ ဇွန်လ ၈ ရက်မနက်က  ဒေသခံ အမျိုသား တစ်ဦးက တကိုယ်တော် လမ်းလျှောက် ဆန္ဒပြပါတယ်။ ဆန္ဒပြသူဟာ မုံရွာမြို့ အလုံတိုက်နယ်မှာနေထိုင်သူ ဦးမွှေးကြူဆိုသူဖြစ်ပြီ ခွင့်ပြုချက်မရှိဘဲ  ဆန္ဒပြခဲ့တာဖြစ်လို့ မုံရွာရဲစခန်းကနေ ဖမ်းဆီးလိုက်ပါတယ်။ မုံရွာမြို့နယ် ဒုရဲမှူး ဝင်းနိုင်က" လောလောဆယ် ဖမ်းပြီးစစ်ဆေးနေပါတယ်။ ဝန်ကြီးချုပ်ကို ဘာလို့ နုတ်ထွက်ပေးဖို့ တောင်းဆိုတာလဲ မေးကြည့်တော့ ရေရေရာရာမပြောဘူး ဖြစ်နေတယ်။ ကျနော်တို့ ကြေးနန်းပို့ထားတယ်။ အမှုဖွင့်မယ် မဖွင့်ဘူးဆိုတာတော့ မပြောနိုင်သေးဘူး။ အထက်က ညွှန်ကြားလာရင်တော့ အမှုဖွင့်သွားမှာ ဖြစ်ပါတယ် " လို့ ပြောပါတယ်။ ဆန္ဒပြသူဟာ အလုံတိုက်နယ်ကနေ မုံရွာမြို့ဆီ လမ်းလျှောက်လာခဲ့တာဖြစ်ပြီး အောင်ချမ်းသာရပ်ကွက်အရောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းကြားခဲ့တဲ့အတွက် ရဲက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြရာမှာ ကိုင်ဆောင်ခဲ့တဲ့ ကတ်ထူပြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်ရေး၊ ၂၀၂၀ လူထုဆန္ဒခံယူပွဲ ကျင်းပပေးရေးနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ပေးရေးဆိုတာ ရေးသားထားပါတယ်။ ဆန္ဒပြသူဟာ ၂၀၁၆ ခုနှစ်ကတစ်ကြိမ် ၊ ၂၀၁၇ ခုနှစ်က တစ်ကြိမ်နဲ့ အခု တစ်ကြိမ် အလားတူ ဆန္ဒပြခဲ့ဖူးပြီး မကြာသေးခင်က မုံရွာမြို့ရှိ တင်ဝင်းထွန်းဟော်တယ်ရှေ့မှာလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နုတ်ထွက်ပေးဖို့ စာရေးသွားခဲ့သူ ဖြစ်ပါတယ်။ သတင်း- ရန်နိုင်စိုး
11 months Ago
Up