တာလီဘန်အကျဉ်းသား

March 12, 2020

အာဖဂန်ငြိမ်းချမ်းရေးသဘောတူညီချက်အရ တာလီဘန်အကျဉ်းသား ၁၅၀၀ ပြန်လွှတ်မည်

အာဖဂန်ငြိမ်းချမ်းရေးသဘောတူညီချက် တစိတ်တပိုင်းအနေနဲ့ တာလီဘန်အကျဉ်းသား ၁,၅၀၀ ကို လွှတ်ပေးဖို့ သမ္မတ အာရှက်ဖ်ဂါနီက မတ်လ ၁၁ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။  အပြန်အလှန်အနေနဲ့ အစိုးရတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ပြန်လွှတ်ဖို့လည်း တာလီဘန်တွေက သဘောတူထားပါတယ်။  အာဖဂန်က အမေရိကန်တပ်ဖွဲ့တွေ စတင်ရုပ်သိမ်းချိန်မှာ အခုလို အကျဉ်းသားလဲလှယ်တာလည်း ဖြစ်ပါတယ်။  သမ္မတ ဂါနီ လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်အရ တနေ့ကို တာလီဘန် အကျဉ်းသား အယောက် ၁၀၀ စီနဲ့ ၁၅ ရက်အတွင်း အကျဉ်းသားအယောက် ၁၅၀၀ ကို လွှတ်ပေးသွားမှာပါ။  အကျဉ်းသားလဲလှယ်တာနဲ့အတူ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေအကြား ဆွေးနွေးပွဲတွေ လုပ်သွားမှာပါ။  တကယ်လို့ ဆွေးနွေးပွဲ အောင်မြင်ရင် သီတင်းနှစ်ပတ်တိုင်း နောက်ထပ် အကျဉ်း ၅၀၀ စီနဲ့ စုစုပေါင်းတာလီဘန်အကျဉ်းသား ၅၀၀၀ အထိ လွှတ်ပေးသွားမယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။  အာဖဂန်သမ္မတ အာရှက်ဖ် ဂါနီဟာ မတ်လ ၉ ရက်က ဒုတိယသမ္မတသက်တမ်းအတွက် ကျမ်းသစ္စာဆိုခဲ့ပါတယ်။  
1 year Ago

March 2, 2020

တာလီဘန်အကျဉ်းသား ၅၀၀၀ ပြန်လွှတ်ပေးရေး အာဖဂန်သမ္မတ ပယ်ချ

အမေရိကန်နဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကြားက သဘောတူညီချက်မှာပါဝင်နေတဲ့ တာလီဘန်အကျဉ်းသား ၅၀၀၀ ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ စာသားကို အာဖဂန်နစ္စတန် သမ္မတ အာ့ရှ်ရက်ဖှ်ဂါနီက ပယ်ချလိုက်ပါတယ်။  “ဒီလို လွှတ်ပေးရမယ်ဆိုတဲ့ ကတိကဝတ်လည်း မရှိဘူး၊ ဒါဟာ အာဖဂန်အစိုးရနဲ့ အရပ်သား ပြည်သူတွေကသာလျှင် တရားဝင် အကြွင်းမဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ကိစ္စ ဖြစ်တယ်လို့  အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအမေရိကန် အထူးသံတမန် မစ္စတာ ဇာလ်မေးခါလီဇဒ်ကိုလည်း အကြိမ်ကြိမ်အခါခါ ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား” လို့ သမ္မတ ဂါနီက မတ် ၁ ရက် တနင်္ဂနွေနေ့မှာပဲ ကဘူးလ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။   အမေရိကန်ပြည်ထောင်စုရဲ့အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေကို စတင်ဖို့ ကာတာနိုင်ငံမှာ သဘောတူလက်မှတ်ရေးထိုးပြီး နောက်တနေ့မှာပဲ ခုလို ပြောတာပါ။  ဒီသဘောတူညီချက်ကို အမေရိကန်အထူးသံတမန် ဇာလ်မေ ခါလီဇဒ်နဲ့ တာလီဘန် နိုင်ငံရေး အကြီးအကဲ မူလာအဗ္ဗဒလ်ဂါနီဘာရဒါတို့က ဖေဖော်ဝါရီ ၂၉ စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။  သဘောတူစာချုပ်ထဲမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တွေဟာ  နှစ်ဦး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတည်ပြုထောက်ခံမှုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်ချက်အဖြစ် သုံ့ပန်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကို အမြန်လုပ်ဆောင်ကြဖို့ ကတိရှိထားကြတာပါ။   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဒီသဘောတူညီချက်အပေါ် ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး သိပ်မကြာခင်မှာ တာလီဘန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။  ဂါနီဘက်က လူတွေကတော့ တာလီဘန်တွေနဲ့ တွေ့ဆုံမယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံထဲကနေ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခါနီးချိန်မှာမှ အာဖဂန်အစိုးရအတွက် စိန်ခေါ်မှုတရပ် ဖြစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။  သဘောတူညီချက်အရ လက်မှတ်ရေးထိုးပြီး ၁၃၅ ရက်အတွင်း အမေရိကန်စစ်သည် အင်အား တသောင်းသုံးထောင်ကနေ ရှစ်ထောင့်ခြောက်ရာထိ လျှော့ချလိုက်ဖို့ ဝါရှင်တန်အစိုးရက ကတိပြုထားပါတယ်။ 
1 year Ago
Up