တရုတ်ဧည့်သည်

March 5, 2020

ပုဂံတွင် တရုတ်ဧည့်သည် မလာသဖြင့် လုပ်ငန်းရှင်အချို့ အခက်အခဲဖြစ်

မန္တလေးတိုင်း ပုဂံဒေသမှာ ကိုရိုနာဗိုင်းရပ်‌စ်ကြောင့် တရုတ်ဧည့်သည် အဝင်အထွက် လုံးဝမရှိတော့တာကြောင့် လုပ်ငန်းရှင်တချို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ တရက်ကို တရုတ်ခရီးသွား ဦးရေ ၃၀၀၀ လောက် လာရောက်ရာက အခုအချိန်မှာတော့ လုံးဝမလာရောက်တော့တဲ့အတွက် မြင်းလှည်းလုပ်ငန်းရှင်တွေနဲ့ တရုတ်ဧည့်သည်တွေကို အဓိက ငှားရမ်းပေးတဲ့ ဟိုတယ်တချို့ အခက်အခဲဖြစ်ကုန်တယ်လို့ ပုဂံဇုန် ဧည့်လမ်းညွှန်အသင်းရဲ့ နာယက ဦးဇော်ဝင်းချိုက ပြောပါတယ်။ ပုဂံဇုန် ဧည့်လမ်းညွှန်အသင်းရဲ့ နာယက ဦးဇော်ဝင်းချိုက "တရုတ်မားကတ်က လုံးဝ ရပ်ဆိုင်းသွားတဲ့အတွက် တန်းထိတာပေါ့။ တရုတ်ဧည့်သည်တွေကြီးပဲ ကန်ထရိုက်နဲ့ ခြောက်လပြတ်တို့ တစ်နှစ်တို့ သီးသန့်ငှားတာတွေ ရှိတယ်။ စားသောက်ဆိုင်တွေရှိတယ်၊ ကျန်တဲ့ဟာ မဟုတ်ဘူး၊ တရုတ်လူမျိုးတွေအတွက် သီးသန့်လုပ်ထားတဲ့စားသောက်ဆိုင်တွေ သူတို့က ငှားပြီးတော့ တရုတ်လူမျိုးတွေကိုယ်တိုင် ချက်ပြုတ်ပြီးတော့ Management လုပ်တဲ့ ဟာတွေ ရှိတယ်။ အဲ့မှာလုပ်တဲ့ အလုပ်သမားတွေ ထိခိုက်မှု ရှိတာပေါ့။ တရုတ်ဧည့်သည်မှ မလာတော့ဘူးဆိုရင် အလုပ်သမားတွေအတွက် လစာတွေ၊ အသုံးစရိတ်တွေက ဘယ်လောက်ထိ သူတို့ကျားကန်နိုင်မလဲ၊ မခံနိုင်ဘူးလေ။ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် ဒီလေးလတော့ တော်တော်လေး ခံစားရမယ်လို့ ထင်တယ်၊ ကိုရိုနာနဲ့လည်း ပတ်သက်သွားမယ်၊ နှစ်တိုင်းလည်း လျော့တယ်ဆိုတော့ အဲ့ဒီလေးလကတော့ တော်တော်လေး ခံစားရလိမ့်မယ်" လို့ ပြောပါတယ်။ ပြည်တွင်းဧည့်အနေနဲ့လည်း စာမေးပွဲကာလဖြစ်တဲ့အတွက် နည်းပါးနေပြီး ဥရောပဘက်က ဧည့်သည်တချို့သာ မူလစီစဉ်ပြီးသား ခရီးစဉ်အနေအထားအရ လာရောက်နေကြတယ်လို့ သိရပါတယ်။ ပုံမှန် ဧည့်ရာသီဟာ အောက်တိုဘာလကနေ ဧပြီလအထိ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အခုကတည်းက ဧည့်သည် နည်းပါးသွားတယ်လို့လည်း သိရပါတယ်။ အရင်ကတော့ ဥရောပဘက်ကဧည့်သည်တွေလည်း လာရောက်မှုများပြားခဲ့ပေမယ့် အခုအချိန်မှာတော့ ပုံမှန် ဧည့်ရာသီ ဝင်နေကျရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ လာရောက်တော့တယ်လို့ သိရပါတယ်။ ပြည်ပ ရီးသွားတွေကို အခုထက် ပိုမိုဆွဲဆောင်နိုင်ဖို့လည်း လိုအပ်ပြီး အရင်က နေဝင်ချိန်ကို ကြည့်ရှုနိုင်ဖို့ ‌စေတီတော်အချို့ကို တက်ရောက်ခွင့်ပြုခဲ့သလို အခုအချိန်မှာလည်း စနစ်တကျနဲ့ တက်ရောက်ခွင့်ပြုနိုင်ရင် ပိုမိုစိတ်ဝင်စားလာနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အာနန္ဒာဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးညွန့်က "ဒီရှုခင်းတွေကို ပြည်တွင်းရော ပြည်ပရော မခံစားကြရဘူး။ ကျနော်တို့ ရွှေဆံတော်တို့ သဗ္ဗညုပေါ်တို့ကနေပြီးတော့ ကန့်သတ်ပြီး ကြည့်ခွင့်ရမယ်ဆိုရင်တော့ တော်တော်များများလည်း အဆင်ပြေနှစ်ခြိုက်မယ်ပေါ့။ အဲ့တော့ နိုင်ငံတော်က တိုရစ်ဇစ်တွေ ဘာကြောင့် လျော့သွားရတာလဲဆိုတာကို အဖြေတော့ရှာရမှာပေါ့၊ ဒါက ကျနော်အမြင်ပါ၊ အားလုံးကတော့ အဖြေကို ရှာကြရမှာကြီးပဲ" လို့ ပြောပါတယ်။ တရုတ်ဧည့်သည် မလာရောက်တော့တဲ့အတွက် ဈေးသည်တချို့လည်း အရောင်းအဝယ် ပါးနေတယ်လို့ သိရပါတယ်။ ပုဂံဒေသဟာ ၂၅ မိုင်လောက် ဧရိယာအတွင်းမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီ ပုထိုးနဲ့ အဆောက်အဦပေါင်း ၃၀၀၀ ကျော်တည်ရှိတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရတာပါ။ သတင်း- ထိန်ထိန်လင်း
1 year Ago
Up