တရုတ်နိုင်ငံသား

July 20, 2021

တရုတ်နိုင်ငံသား ၄ ဦးကို ဆိုင်ဘာသူလျှိုမှုဖြင့် အမေရိကန်က တရားစွဲ

အမေရိကန်အစိုးရဟာ လုံခြုံရေးအရာရှိ ၃ ယောက်နဲ့ ဆိုင်ဘာဖောက်ထွင်းမှုကို ကန်ထရိုက်စာချုပ်ဖြင့် ဆောင်ရွက်သူတယောက် အပါအဝင် တရုတ်နိုင်ငံသား ၄ ယောက်ကို ဇူလိုင် ၁၉ ရက်က တရားစွဲလိုက်ပါတယ်။

အမေရိကန်နဲ့ နိုင်ငံရပ်ခြားက ဒါဇင်ချီတဲ့ ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေနဲ့ အစိုးရ အေဂျင်စီတွေကို ပစ်မှတ်ထားမှုနဲ့ တရားစွဲခဲ့တာပါ။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ မဟာမိတ်တွေဟာ တရုတ်နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာသူလျှိုမှုနဲ့ စွပ်စွဲခဲ့ပါတယ်။

ဒါဟာ ဆိုင်ဘာဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို မကြုံစဖူး နိုင်ငံအများကြီး စုပေါင်းပြီး လူသိရှင်ကြား စွပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုင်ဘာ သူလျှိုမှုကို ပြစ်တင်ရှုတ်ချရာမှာ အမေရိကန်ဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုး၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နဲ့ ကနေဒါ နိုင်ငံတို့နဲ့အတူ ပူးပေါင်းခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်ကလည်း “ဆိုင်ဘာသူလျှိုမှုဟာ ကျနော်တို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံလုံခြုံရေးကို အကြီးစား ခြိမ်းခြောက်မှု” လို့ ပြောပါတယ်။

ဝါရှင်တန်ဒီစီက တရုတ်သံရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။

တရုတ်အစိုးရဟာလည်း ဆိုင်ဘာဖောက်ထွင်းမှု ဓားစာခံသာ ဖြစ်ပြီး ဆိုင်ဘာ တိုက်ခိုက်မှု ပုံစံအားလုံးကို ဆန့်ကျင်တယ်လို့ တရုတ်အရာရှိတွေက အရင်က ပြောခဲ့ဖူးပါတယ်။

1 week Ago

June 25, 2021

မြန်မာနိုင်ငံမြောက်ပိုင်းက တရုတ်နိုင်ငံသားများ ဇူလိုင် ၃၁ ရက်နောက်ဆုံးထား မှတ်ပုံတင်ရမည်

တယ်လီဆက်သွယ်ရေး လိမ်လည်မှုလိုမျိုး နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက တရုတ်လူမျိုးတွေ ဇူလိုင်လကုန် နောက်ဆုံးထားပြီး သတ်မှတ်နေရာတွေမှာ မှတ်ပုံတင်ကြဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့က ဇွန် ၂၁ ရက်က အကြောင်းကြားစာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက ထုတ်ပေးထားတဲ့ ဝင်/ထွက်ခွင့် အထောက်အထားတွေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေဟာ ဇူလိုင် ၃၁ ရက်အထိ သူတို့ရဲ့ အထောက်အထားတွေကို မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ ဒဲယ်ဟုန် အပါအ၀င် ယူနန်ပြည်နယ်ရဲ့ မြို့ ၅ မြို့နဲ့ စီရင်စုတွေမှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပြန်သတိပေးချက်တွေအရ သိရပါတယ်။ 

ဒဲယ်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တရုတ် - မြန်မာ ကုန်းတွင်းနယ်စပ်ဂိတ်ဖြစ်တဲ့ ရွှေလီမှာ တရားမ၀င်ဖြတ်ကျော်မှုတွေကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားမှု ၂ ခု တွေ့ရှိခဲ့ရပါတယ်။ 

ရဲတွေက တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေနဲ့ တရုတ်အစိုးရ သို့မဟုတ် တရုတ်နိုင်ငံသားတွေအပေါ်  ဆက်သွယ်ရေးနဲ့ အင်တာနက်လိမ်လည်မှု၊ လောင်းကစားနဲ့ ငွေကြေးခဝါချခြင်း စတဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ကျူးလွန်ထားသူတွေကို တရုတ်နိုင်ငံကို အမြန်ဆုံးပြန်ပြီး ပြစ်မှုတွေကို ဝန်ခံကြဖို့ တိုက်တွန်းထားပါတယ်။ 

တရုတ်နိုင်ငံ နေရာအတော်များများမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသားများက ကျူးလွန်ထားတဲ့ ဆက်သွယ်ရေးလိမ်လည်မှုကို တိုက်ဖျက်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေတာပါ။ 

တရုတ်ပြည်အရှေ့ပိုင်းက ကျဲ့ကျန်းပြည်နယ်က လိရွှီမြို့နဲ့ ယွဲ့ချင်းမြို့တို့မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်လူမျိုးတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာကြဖို့ မေလ ၂၆ ရက်နဲ့ ဇွန်လ ၁၂ ရက်တို့မှာ သတိပေးချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။ 

၂၀၂၀ ပြည့်နှစ်အစကတည်းက နိုင်ငံတလွှားက ရဲတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေကနေ လိမ်လည်မှု သံသယရှိသူပေါင်း ၂၆၂၀ ယောက်ကို နေရင်းနိုင်ငံတွေဆီ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက်လိမ်လည်မှုတွေမှာ ဆုံးရှုံးရတဲ့ပိုင်ဆိုင်မှုတွေဟာ တရုတ်ငွေကြေး ယွမ် ၃၅.၄ ဘီလီယံ (ဒေါ်လာ ၅.၄၆ ဘီလီယံ) ရှိတယ်လို့ တရားရုံးချုပ်ရဲ့ တတိယ ရာဇ၀တ်မှုတရားရုံး ဒုတိယဥက္ကဋ္ဌ Li Ruiyi က ဇွန် ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ 

1 month Ago
More News
Up