တရုတ်

February 29, 2016

မြောက်ကိုရီးယားပေါ် ဒဏ်ခတ်မှု တရုတ်သဘောတူ

မြောက်ကိုရီးယားနိုင်ငံပေါ် ကုလသမဂ္ဂက မကြာခင် ပိတ်ဆို့ဒဏ်ခတ်မှု တိုးမြှင့်ဖို့ ဆုံးဖြတ်ရင် လိုက်နာမယ်လို့ ကိုရီးယားကျွန်းဆွယ်ရေးရာ တရုတ်အထူးကိုယ်စားလှယ် ၀ူဒါဝေ (Wu Dawei) က တောင်ကိုရီးယား တာဝန်ရှိသူတွေကို ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံရောက် ၀ူဒါဝေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာ တောင်ကိုရီးယား အထူးသံတမန် Hwang Joon-kook နဲ့ မနေ့ နေ့ခင်းပိုင်း တွေ့ရာမှာ ပြောကြားချက်ကို ကိုရီးယား ယွန်ဟတ်သတင်းက ရေးပါတယ်။ မစ္စတာ ၀ူက “မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်မှုနဲ့ နျူကလီးယား စမ်းသပ်မှုတွေ လုပ်တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့ နှစ်နိုင်ငံက သဘောတူတယ်” လို့ ပြောပါတယ်။ နှစ်နိုင်ငံလုံးက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ပူးတွဲအားထုတ် ကြိုးပမ်းကြမယ်လို့ ဖြည့်စွက်ပြောပါတယ်။ မြောက်ကိုရီးယားက ဒီလဆန်းပိုင်း ဒုံးကျည်ပစ်လွှတ်မှုအပြီးမှာ တောင်ကိုရီးယားမှာ အမေရိကန် ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်မယ့် အစီအစဉ်ကိစ္စလည်း ဆွေးနွေးကြဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို တရုတ်က အပြင်းအထန် ဆန့်ကျင်နေပြီး ဒေသတွင်း တည်ငြိမ်မှုကို လျော့ပါးစေမယ်လို့ ပြောထားပါတယ်။ တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားအပေါ် သီးခြားစီ ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေလို တခြားကိစ္စတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ မစ္စတာ ၀ူဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-seo နဲ့ တခြား လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မတ်လ ၃ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။
5 years Ago

November 19, 2015

ထိုင်ဝမ် မူးယစ်မှောင်ခိုသမားကို တရုတ် သေဒဏ်ပေး

တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင်မှာ မက်သာဖက်တမင်း ၁၂ ကီလိုဂရမ်ကို သယ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်ဝမ်နိုင်ငံသား တဦးကို သေဒဏ်ပေးလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက် တရုတ်တရားရုံးက အမိန့်ချမှတ်အပြီးမှာ ကျူးလွန်သူကို စီရင်ခဲ့ပြီး ဖြစ်တယ်လို့ တရုတ် စီစီတီဗွီသတင်းက ကြေညာပါတယ်။ တရုတ်နိုင်ငံသားနဲ့ တခြားနိုင်ငံသားတွေ အားလုံးဟာ တရုတ်ဥပဒေအရ ဘိန်း ၁ ဂရမ်၊ ဘိန်းဖြူ၊ မက်သာဖက်တမင်းနဲ့ တခြား မူးယစ်ဆေးတွေ ၅၀ ဂရမ်အထက် တွေ့ရှိခဲ့ရင် သေဒဏ်ကျခံဖို့ ချမှတ်ထားပါတယ်။ နိုင်ငံအတော်များများမှာ သေဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ခြင်း မရှိပေမယ့် ၂၀၀၀ ခုနှစ်ကတည်းက နိုင်ငံခြား မူးယစ်မှောင်ခိုသမားနဲ့ အစိုးရ အရာရှိတွေကို တရုတ်က သေဒဏ် စီရင်ခဲ့ပါတယ်။ အရင်နှစ် စက်တင်ဘာက အသက် ၇၁ နှစ်အရွယ် ဂျပန်အရာရှိတဦးကိုလည်း မက်သာဖက်တမင်း ၃ ကီလိုဂရမ် သယ်ဆောင်မှုနဲ့ တရုတ်က သေဒဏ်စီရင်ခဲ့ပါတယ်။ ဂျပန်က အကြိမ်ကြိမ် သက်ညှာခွင့်ပေးဖို့ တောင်းဆိုပေမယ့်လည်း မလိုက်လျောခဲ့ပါဘူး။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ကလည်း ဗြိတိန်နိုင်ငံသား တဦးကို မူးယစ်ဆေးမှုနဲ့ တရုတ်က သေဒဏ်ပေးခဲ့ပါတယ်။
5 years Ago
More News
Up