တရားထိုင်တဲ့ပုံစံ

March 13, 2020

နေမာနှင့် ပီအက်စ်ဂျီအသင်းသားများ၏ အောင်ပွဲခံမှုပုံစံ နောက်ကွယ်က ဖြစ်ရပ်မှန်ထွက်ပေါ်လာ

လူပြောများခဲ့တဲ့ နေမာနဲ့ ပီအက်စ်ဂျီ အသင်းသားတွေရဲ့ အောင်ပွဲခံမှုပုံစံနဲ့ပတ်သက်တဲ့ နောက်ကွယ်က အကြောင်းတရားတွေကို Goal သတင်းမှာ ရေးသားဖော်ပြထားပါတယ်။  ပဲရစ်မြေမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ တယောက်လျော့ ဒေါ့မွန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ကစားကာ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။  ပထမအကျော့ရှုံးကြွေးကို ဆပ်နိုင်ဖို့အတွက် နေမာက ၂၈ မိနစ်  မှာ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။  အဲ့ဒီနောက်မှာ ဘရာဇီးတိုက်စစ်မှူးက  တရားထိုင်တဲ့ပုံစံနဲ့ အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဒေါ့မွန်အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး အာလင် ဟာလန်းရဲ့အောင်ပွဲခံမှုပုံစံကို လိုက်လံတုပပြီး လှောင်ပြောင်သရော်ခဲ့တာလည်း ဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဂျူအန်ဘားနတ်က ပထမပိုင်းမပြီးဆုံးခင်မှာ သွင်းယူခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာလည်း ပီအက်စ်ဂျီအသင်းသားတွေဟာ နေမာစတိုင်အတိုင်း လိုက်ပြုလုပ်ကာ ထပ်မံအောင်ပွဲခံခဲ့ပါတယ်။  ဒါဟာ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်မှူး ဟာလန်းကို သိသိသာသာ လှောင်ပြောင်တဲ့ အောင်ပွဲခံမှုပုံစံ ဖြစ်ပြီးတော့ ဒီဖြစ်ရပ်တွေကြောင့် ပီအက်စ်ဂျီ ကစားသမားတွေဟာ ၁၉ နှစ်အရွယ် ဟာလန်းကို ဘာလို့  လှောင်ပြောင်ခဲ့တာလဲဆိုတာ နားမလည်နိုင်ဘူးဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေဟာလည်း ထွက်ပေါ်လာခဲ့ပါတယ်။  ဒါပေမယ့် နောက်ပိုင်းမှာမှ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အကြောင်းစုံကိုသိခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီ  ကစားသမားတွေရဲ့ အောင်ပွဲခံမှုနောက်ကွယ်မှာ ခံပြင်းမှုတွေရှိနေတယ်ဆိုတာကို သိခဲ့ရပါတယ်။  ဒီဖြစ်ရပ်တွေဟာ ဓာတ်ပုံတပုံကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံမှာ ဟာလန်းဟာ “ပဲရစ်ဟာ ငါ့မြို့ မင်းတို့နဲ့မဆိုင်ဘူး” လို့ ရေးသားထားပါတယ်။ ဒီဓာတ်ပုံကို ဟာလန်းကိုယ်တိုင် တင်ခဲ့သလား ဒါမှမဟုတ် တတိယ ကြားပုဂ္ဂိုလ်တဦးဦးက တင်ခဲ့သလားဆိုတာ မသိရပေမယ့် ဓာတ်ပုံကို ဟာလန်းရဲ့ snapchat မှာ မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာလည်း တော်တော်လေးပျံ့နှံ့သွားခဲ့ပါတယ်။  ဒီဓာတ်ပုံကို တုံ့ပြန်တဲ့အနေနဲ့ နေမာက သူရဲ့တရားထိုင်တဲ့ပုံစံ အောင်ပွဲခံမှုဓာတ်ပုံနဲ့အတူ “ပဲရစ်ဟာ ငါ့တို့မြို့၊ မင်းတို့နဲ့မဆိုင်ဘူး” လို့ ပြန်တင်ခဲ့ပါတယ်။  ဒီပွဲအနိုင်ရလဒ်ကြောင့် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတားအဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်မျှော်လင့်ချက်ကုန်ဆုံးသွား ပြီဖြစ်တာကြောင့် ပြည်တွင်းအမှတ်ပေးပွဲကို ပိုမိုအာရုံစိုက်ရတော့မှာဖြစ်ပါတယ်။  ဒီပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ပရိသတ်မပါဘဲ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။   
1 year Ago
Up