တပ်မတော်အငြိမ်းစား

May 14, 2021

ရေးမြို့က တပ်မတော်အငြိမ်းစား ဗိုလ်မှူး ၁ ဦး၏နေအိမ်တွင် ဗုံးပေါက်

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်ရှိ တပ်မတော်အငြိမ်းစား ဗိုလ်မှူး   ဦးအောင်နိုင်ဝင်းရဲ့ နေအိမ်မှာ မေ ၁၃ ရက် ည  ၇ နာရီ ၁၀ မိနစ်လောက်က  ဗုံးပေါက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် နေအိမ်မှာ ဦးအောင်နိုင်ဝင်း တဦးသာ ဗုံးစထိမှန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘူးလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးအောင်နိုင်ဝင်းဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး တပ်မတော် အငြိမ်းစား ဗိုလ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်၊

သူဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းကဏ္ဍတွေမှာ ပါဝင်တက်ကြွ ဦးဆောင် လှုပ်ရှားသူလည်းဖြစ်သလို  ရေးတော်ဝင် သတင်းလွှာ အယ်ဒီတာ တာဝန်ပါ ဆောင်ရွက်ထားခဲ့သူ ဖြစ်ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာတော့ ပါဝင်လာခြင်း မရှိတဲ့အတွက် ဒေသခံတွေရဲ့ ဝေဖန်ခံနေရလည်းဖြစ်နေပါတယ်။

ရေးမြို့မှာ မေလ ၂ ပတ်အတွင်း ဗုံး ၂ ကြိမ်ပေါက်ကွဲမှုဖြစ်ပြီးတော့ မြို့ခံတွေကတော့ အခုလို ဗုံးပေါက်ကွဲမှုတွေ ဆက်လက် ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရေးမြို့တွင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲ၊  စည်ပင်၊ တရားရုံး ရှိတဲ့ နေရာအနီးအနားတွေမှာ  ရဲတပ်ဖွဲ့ဝင်တွေ နေရာယူပြီး ဖြတ်သန်းသွားလာနေကြသူတွေကို စောင့်ကြည့်နေပါတယ်။

3 months Ago
Up