တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

January 29, 2021

ရွေးကောက်ပွဲရလဒ်ကိုလက်ခံရန် တပ်မတော်နှင့် နိုင်ငံရေးပါတီများကို တိုက်တွန်း

တပ်မတော်အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့ရေးဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ဇန်နဝါရီလ ၂၉ ရက်မှာ   ပူးတွဲကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်အခြေခံကာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကြောင့် ရွေးကောက်ပွဲအလွန်ကာလမတည်မငြိမ်ဖြစ်မှု၊ အာဏာလွှဲပြောင်းမှုကြန့်ကြာစေနိုင်သလို မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်း နှောင့်နှေးတုံ့ဆိုင်းသွားမှာကို နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေတယ်လို့ဆိုပါတယ်။ 

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာမှုတွေအရ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်း အားနည်းချက်တွေအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေလေ့လာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ဟာ မဲဆန္ဒရှင်အများစုရဲ့ သဘောထားနဲ့အညီ ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်တွေဖြစ်တာကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ အနေနဲ့ တွေ့ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် အားနည်းချက်တွေကို သင်ခန်းစာယူပြီး နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးညှိနှိုင်း ပြင်ဆင်တာဟာ အနာဂတ်ရွေးကောက်ပွဲလုပ်ငန်းစဉ် ပိုမို ကောင်းမွန်လာရေးအတွက် မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ပူးတွဲကြေညာတဲ့အဖွဲ့တွေထဲမှာ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)၊  မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့၊  ပဲခူးဒေသလေ့လာ စောင့်ကြည့်ရေးအဖွဲ့၊ အောက်ချင်းအရပ်ဘက်လူမှုအဖွဲ့၊ ကဒူးလူငယ်ဖွံ့ဖြိုးရေးအသင်း၊ မြန်ဖရယ်၊ Rainmaker၊ နယူးမြန်မာ ဖောင်ဒေးရှင်း၊ ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်းနဲ့ ဖန်တီးအိမ် စတဲ့အဖွဲ့တွေ  ပါဝင်ပါတယ်။ 

6 months Ago

December 8, 2020

သဘာ၀တရားထဲ ငုပ်နေသည့်စွမ်းအားသစ်များကို စူးစမ်းရှာဖွေဖော်ထုတ်သည့် နည်းပညာရရှိရေး ကြိုးပမ်းရန် ကာချုပ်တိုက်တွန်း 

သဘာ၀တရားထဲတွင် ငုပ်နေသည့်စွမ်းအားသစ်များကို စူးစမ်းရှာဖွေဖော်ထုတ်တဲ့ နည်းပညာ ရရှိအောင် ကြိုးစားကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၇ ရက်မနက်က ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။ မျက်မှောက်ခေတ်အင်ဂျင်နီယာပညာရေးရဲ့ သဘောသဘာ၀ဟာ သီအိုရီ အခြေခံပြီး လက်တွေ့အခြေအနေနဲ့ ဆက်စပ်စဉ်းစားတွေးခေါ်ကာ လူမှုဘ၀အတွက် အသုံးဝင်မယ့် တီထွင်မှုတွေ ဆောင်ရွက်နိုင်ရန်ပင်ဖြစ်ကြောင်း၊ ဒါကြောင့် သဘာ၀ တရားထဲမှာ ငုပ်နေသည့်စွမ်းအားသစ်တွေကို စူးစမ်းရှာဖွေဖော်ထုတ်တဲ့ နည်းပညာ ရရှိအောင် ကြိုးစားကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ နည်းပညာဆိုသည်မှာ စိတ်ကူးများကို လက်တွေ့ အကောင် အထည်ဖော် အသုံးချနိုင်အောင် ဆောင်ရွက်တဲ့ ပညာရပ်ဆိုင်ရာနည်းနာဖြစ်ပြီး ဘောင်ကန့်သတ်ချက်မရှိခြင်းကြောင့် ပြိုင်ဆိုင်မှုနဲ့ စိန်ခေါ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေကြောင်းလည်း ပြောပါတယ်။  မျက်မှောက်ခေတ်မှာ စစ်အင်ဂျင်နီယာတပ်ဖွဲ့တွေဟာ ခြေလျင် စစ်သည်တွေကဲ့သို့ တိုက်ပွဲဝင်နိုင်ဖို့နဲ့ မိမိတို့ရဲ့ တပ်ဖွဲ့ဆိုင်ရာပညာရပ်ဖြစ်တဲ့ စစ်အင်ဂျင်နီယာပညာရပ်သာမက မဖြစ်မနေတတ်ကျွမ်းရမယ့် စစ်နည်းဗျူဟာပညာ ရပ်တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံဖို့လိုတယ်လို့လည်း ပြောပါတယ်။ ခေတ်သစ်စစ်ပွဲတွေမှာ လေကြောင်းအရေးသာမှုနဲ့ အီလက်ထရောနစ် နည်းပညာ ကောင်းမွန်သာလွန်မှု၊ ခေတ်မီစစ်လက်နက်ပစ္စည်း အသုံးချနိုင်မှုတွေက တိုက်ပွဲအဆုံးအဖြတ်ကို များစွာအထောက်အကူဖြစ်စေကြောင်း၊ မိမိတို့တပ်မတော်ကို စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော် Standard Army အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်ရာမှာ စစ်မှုသိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။ စစ်သိပ္ပံနဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ တစ်ဟုန်ထိုးတိုးတက်နေတဲ့ခေတ်မှာ မိမိဝါသနာပါရာ မိမိတတ်ကျွမ်းထားတဲ့ ပညာရပ်ကို လက်ရှိအဆင့်မှာ ကျေနပ်နှစ်သိမ့်မှုရှိမနေဘဲ ဆက်လက်လေ့လာကြဖို့နဲ့ ခေတ်မီလက်နက်တွေကို စစ်မြေပြင်မှာ ကျွမ်းကျင်စွာကိုင်ဆောင်ပြီး တိုက်ပွဲဝင်နိုင်ဖို့အတွက်  ကြိမ်ဖန်များစွာ လေ့ကျင့်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်းတွေကို တိုက်တွန်းပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ထွန်းလှိုင်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း နိုင်လင်းဦးနဲ့ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အံ့မော်ဟိန်း တို့ကို ဆုတွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဓာတ်ပုံ- DSINFO
8 months Ago
More News
Up