တန်ဖိုးနည်းအိမ်ရာ

June 8, 2016

အခြေခံလူတန်းစားများအတွက် ကျပ်သိန်း ၁၀၀ အောက် အိမ်ရာများ တည်ဆောက်မည်

အစိုးရသစ်လက်ထက် ငါးနှစ်အတွင်းမှာ ကျပ်သိန်း ၁၀၀ အောက် အိမ်ရာတွေ တည်ဆောက်ပြီး အခြေခံလူတန်းစားတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာစိစစ် ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရန်ကုန်မြို့မှာ ကျပ်သိန်း ၁၀၀ အောက် အိမ်ခန်းပေါင်း ၈၀၀၀ ကျော် တည်ဆောက်ဖို့အတွက် မြေနေရာ ဧက ၂၃၀ ကျော် ရရှိထားပြီး လက်ရှိမှာတော့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရေးဆွဲလုပ်ကိုင်နေပြီ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ "မြေရပြီဖြစ်တဲ့အတွက် ပထမဆောက်ရမယ့် အိမ်တွေ ဒီဇိုင်းတွေလည်း လျာထားပြီးပါပြီ။ လက်တွေ့ ကျနော်တို့ နေပြည်တော်မှာ ၂ လုံး ဆောက်နေတယ်။ တန်ဖိုးနည်းအိမ်ရာ အမှန်တကယ်ဖြစ်အောင် ကုန်ကျစရိတ် စံထုံးတခုရဖို့ ဒါ အရေးကြီးနေပါတယ်။ တန်ဖိုးနည်းအိမ်ရာပြောပြီး ဈေးတွေ များနေတယ်ဆိုတာ ကျနော်တို့လည်း အရင်တုန်းက စံထုံးမရှိတဲ့အတွက် မသိပါဘူး။" အစိုးရသစ်အနေနဲ့ကတော့ ငါးနှစ်တာကာလအတွင်းမှာ လမ်းတံတားအသစ်တွေ တည်ဆောက် ဖောက်လုပ်ခြင်း၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း၊ လမ်းတံတား အဟောင်းတွေ ပြုပြင်ထိန်းသိမ်း တိုးချဲ့ဆောင်ရွက်ခြင်း၊ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ခြင်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကျပ်သိန်း ၁၀၀ အောက် အိမ်ခန်းတွေကို အမှန်တကယ် အခြေခံလူတန်းစားတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ လုပ်ကိုင်နေတဲ့အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။ "တန်ဖိုးနည်းအိမ်ရာ တကယ်လိုအပ်တဲ့လူ ရသွားဖို့ ဖြစ်ပါတယ်။ လျှောက်လွှာတွေခေါ်ပြီး မဲနှိုက်တဲ့စနစ်ဆိုလည်း လူတွေက ထီထိုးသလိုမျိုး လျှောက်လွှာတွေ တင်ကြမှာ။ ဒါကြောင့် တကယ်လိုအပ်နေတဲ့သူတွေ လက်ထဲကို တန်ဖိုးနည်းအိမ်ရာ အရစ်ကျစနစ်နဲ့ ရောင်းပေးမယ်၊ တကယ်လည်း နေရမယ်။ ဒီလိုမျိုးဖြစ်အောင် မူဝါဒ စည်းမျဉ်းစည်းကမ်း ရေးဆွဲနေပါတယ်။ ဒါတွေပြီးသွားရင်တော့ တရားဝင် ကြေညာပေးပါမယ်။" အစိုးရသစ်လက်ထက်မှာ မြ၀တီနယ်စပ်ကို သွားလာနိုင်တဲ့ လမ်းကြောင်းအသစ်အတွက် တံတားအသစ်တွေ တည်ဆောက်ခြင်း၊ ရန်ကုန်မြို့ရှိ သီလ၀ါစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်လျင်တံတားအသစ်တစင်း တည်ဆောက်ခြင်း၊ ရန်ကုန်မြို့ကနေ ၀ါးတရာစက်မှုဇုန်ကို ဖြတ်သန်းသွားလာနိုင်တဲ့ တံတားအသစ်တစီး၊ ရခိုင်ပြည်နယ် စစ်တွေ-မင်းပြား လမ်းပိုင်းတွေမှာရှိတဲ့ မြစ်ကူးတံတားတွေ တည်ဆောက်ခြင်း၊ ဟင်္သာတနဲ့ သာရဝေါ ဖြတ်သန်းသွားလာနိုင်တဲ့ တံတား၊ သရက်-အောင်လံကို ဖြစ်သန်းသွားလာနိုင်တဲ့ တံတားအသစ်တွေကို တည်ဆောက်သွားမယ်လို့လည်း ပြောပါတယ်။ ငါးနှစ်တာကာလအတွင်း ဥမင်လိုဏ်ခေါင်း ၂ ခုကို ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီ ဥမင်လိုဏ်ခေါင်းတွေကတော့ ရှမ်းပြည်နယ် တောင်ကြီး လွိုင်လင်ကြားမှာရှိတဲ့ ၀တလုံးတောင်ကို ဖြတ်ဖောက်တဲ့ ဥမင်လိုဏ်ခေါင်းနဲ့ မုံရွာ-ဂန့်ဂေါမြို့ကို ဖြတ်သန်းသွားလာဖို့အတွက် ပုံတောင် ပုံညာတောင်ကို ဖြတ်ပြီး ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတခုကို တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဇွန်လ ၇ ရက်နေ့က ဆောက်လုပ်ဝန်ကြီးဌာနနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံခဲ့ကြပြီး ငါးနှစ်အတွင်း ဆောင်ရွက်လုပ်ကိုင်သွားမယ့် လုပ်ငန်းစဉ်တွေအကြောင်းကို ဝန်ကြီးဌာန တာဝန်ရှိသူတွေ ဖြေကြားခဲ့ပြီး သတင်းမီဒီယာတွေရဲ့ သိလိုသမျှ မေးမြန်းမှုတွေကို နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးမှာ ရှင်းလင်းဖြေကြားခဲ့ပါတယ်။
5 years Ago

May 25, 2016

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်လာနိုင်

အစိုးရသစ် ရက် ၁၀၀ အတွင်း တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်ပြီး စီမံကိန်းတခုနဲ့ ပြုလုပ်သွားမယ့် သတင်းကြောင့် အိမ်ခြံမြေဈေးကွက်ဈေးနှုန်း တည်ငြိမ်သွားနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်လိုက်ပါတယ်။ အစိုးရသစ် ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာတွေကို စီမံကိန်းတခုနဲ့ ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။ အဲဒီထုတ်ပြန်ချက်ကြောင့် အိမ်ခြံမြေဈေးကွက်က အရင်လို ဈေးနှုန်းအတက်အကျ မြန်မြန်နဲ့ မဟုတ်တော့ဘဲ ဈေးနှုန်းတည်တည်ငြိမ်ငြိမ်နဲ့ ဈေးကွက်မာလာနိုင်ဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။ “လောလောဆယ် အိမ်ရာနဲ့ပတ်သက်ပြီးတော့ ဖြစ်နေတဲ့ အကျပ်အတည်းက ဘာလဲဆိုတော့ နေလိုတဲ့ပမာဏနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ အိမ်ရာယူနစ်ပေါ့။ မြေဆိုလည်းမြေပေါ့။ တိုက်ခန်းဆိုလည်း တိုက်ခန်း၊ ကွန်ဒိုဆိုလည်း ကွန်ဒိုပေါ့။ အဲဒါတွေက မမျှမတ ဖြစ်နေတာကိုး။ ဆိုတော့ နေချင်တာကများပြီးတော့ ဖြည့်ဆည်းပေးနိုင်တဲ့ ပမာဏ နည်းတဲ့အခါကျတော့ ဈေးနှုန်းမှာ ဈေးကွက်သဘောအရ တက်သွားတဲ့ သဘောပေါ့။ "တကယ်လို့များ သူ့အတန်းအစားနဲ့သူ ၀ယ်နိုင်တဲ့ အိမ်ရာမျိုး၊ သူ့အလွှာနဲ့သူ တတ်နိုင်တဲ့ အိမ်ရာမျိုးတွေ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်မှာ ပေါ်ထွန်းလာမယ်ဆိုရင် လိုအပ်တဲ့အနေအထားကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေဖြစ်သွားလိမ့်မယ်။ အဲဒါမျိုးဆိုရင် အိမ်ရာနဲ့ပတ်သက်ပြီးတော့လည်း ဈေးနှုန်းတွေ ဖောင်းပွစရာလည်း အကြောင်းမရှိဘူး။ နောက်တခုက အိမ်ရာအကျပ်အတည်းလည်း ဖြစ်စရာမရှိဘူး။ အဲဒီအခြေအနေမှာ သူထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ပြန်ငြိမ်သွားမယ်လို့ အန်ကယ်မြင်ပါတယ်။” လက်ရှိအချိန်မှာတော့ အိမ်ခြံမြေဈေးကွက်က အစိုးရသစ် အကူးအပြောင်း မိုးတွင်းကာလနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကြောင့် ဈေးကွက်သိသိသာသာ အေးနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင်တော့ ဈေးကွက်ပြန်ကောင်းဖို့ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။ “အိမ်ခြံမြေဈေးကွက် အခြေအနေကတော့ လက်ရှိအခြေအနေမှာ အေးနေတဲ့ အခြေအနေရှိတယ်။ လူတွေကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာမယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက်ရဲ့ အခြေအနေက နည်းနည်းပါးပါး ပြန်ပြီးတော့ နိုးထလာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပေါ့လေ။ လက်ရှိ အခြေအနေကတော့ အေးနေတယ်လို့ပဲ ပြောရမှာပေါ့” လို့ ဆွေသဟာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးတင်ထွန်းနိုင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။ တန်ဖိုးနည်းအိမ်ရာနဲ့ပတ်သက်ပြီး ကျပ်သိန်း ၁၀၀ အောက်ကို ရနိုင်သမျှ ဆောက်လုပ်ပေးဖို့ ရည်ရွယ်ထားပြီး မြို့ပြအိမ်ရာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရန်ကုန်နဲ့ မန္တလေးတွေမှာ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရက် ၁၀၀ စီမံကိန်းအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၂၀၀ ကျော်ကို အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။ လက်ရှိ တန်ဖိုးနည်းအိမ်ရာမှာရှိတဲ့ တိုက်ခန်းတွေရဲ့ ဈေးနှုန်းကတော့ ကျပ်သိန်း ၂၀၀၊  ၃၀၀ ဝန်းကျင် ရှိပါတယ်။ သတင်း - ခင်နှင်းဖြူစိုး
5 years Ago
Up