တနင်္သာရီမြို့

July 17, 2018

တနင်္သာရီမြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး နေအိမ်များ ရေနစ်မြုပ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့မှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေလို့ နေအိမ်တချို့ ရေနစ်မြုပ်နေပါတယ်။ အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းလို့ တောင်ကျရေကနေတဆင့် တနင်္သာရီမြစ်ရေ လျှံတက်ပြီး အခုလို စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ရတာကြောင့် တနင်္သာရီမြို့ပေါ်က အိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်နေပါတယ်။ ရေတက်လို့ မြို့ပေါ်က အခြေခံပညာကျောင်းတွေမှာ စာသင်ခန်းအချို့ထဲ ရေဝင်နေပြီး ကလေးငယ်တွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် မူလတန်းကနေ ၆ တန်းအထိ ဇူလိုင်လ ၁၇ ရက်နေ့ကနေ စတင်ပိတ်ထားရတယ်လို့ တနင်္သာရီမြို့ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းက ဒီဗွီဘီကို ပြောပါတယ်။ တနင်္သာရီမြစ်ရေဟာ မိုးများတဲ့နှစ်တွေမှာ မြင့်တက်လေ့ရှိတာကြောင့် ၂၀၀၄ ခုနစ်က တိုင်းဒေသကြီး ရန်ပုံငွေနဲ့ တနင်္သာရီမြစ်ကို ရေထိန်းတံခါးတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း မြစ်ရေမကြီးခဲ့တော့ပေမယ့် အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့လို့ ပင်လယ်ရေမျက်နှာပြင်ထက် ၁၉ ပေ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်ခဲ့ပါတယ်။ မြစ်ရေ ဆက်လက်မြင့်တက်နေတာကြောင့် တနင်္သာရီမြို့က ဘန်းသဲကျေးရွာမှာလည်း ရေဘေး ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပါတယ်။ နောက်လေးရက်ထိ မိုးဆက်လက်ရွာသွန်း နိုင်တယ်လို့ မိုးလေဝသက ကြေညာထားတာကြောင့် မြစ်ရေကြီးမှုနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေက ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားပါတယ်။ ဓာတ်ပုံ - အောင်ကျော်
3 years Ago

January 29, 2016

တနင်္သာရီမြို့တွင် စိတ်ကြွဆေးပြားများနှင့် သေနတ် ၂ လက် ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာအနီး လူနေအိမ်တလုံးမှာ စိတ်ကြွဆေးပြားတွေနဲ့ သေနတ် ၂ လက် ဖမ်းဆီးရမိခဲ့ပါတယ်။ စိတ်ကြွဆေးပြားတွေ ရောင်းချနေတယ်ဆိုတဲ့ သတင်းအရ တနင်္သာရီ ရဲတပ်ဖွဲ့က ဗောဓိကမ်းကျေးရွာအနီး (တရုတ်ကျွန်း) နောင်ပြူးရဲ့ နေအိမ်တဲအတွင်း ဇန်န၀ါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ၀င်ရောက်ရှာဖွေရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာလို့ တနင်္သာရီမြို့နယ်ရဲစခန်းက  ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို နောင်ပြူးရဲ့ နေအိမ်တဲ မြောက်ဘက်ရှိ ကိုက် ၃၀၀ လောက်အကွာ ချောင်းနံဘေးလျှိုအတွင်း တဲငယ် ၁ လုံးမှာတွေ့ရှိပြီး တရားခံလို့ယူဆရတဲ့ နောင်ပြူးကတော့ တိမ်းရှောင် ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ပလတ်စတစ်ကော်သီးနဲ့ ပစ်ခတ်ရတဲ့ ဖိုင်ဘာသေနတ် ၁ လက်၊ အရှည် ၇.၅ လက်မခန့်ရှိ ထိုင်းနိုင်ငံလုပ် ခေါက်ချိုးသေနတ်အတို ၁ လက်၊ ကိုးလုံးကျည် ၁၂ တောင့်၊ ကျည်ခွံ ၄၀ ခု၊ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ ပြား၊ ဘိန်းစာမှုန့် ၁၀ ကျပ်သား၊ GPS map 76(GARMIN)(၁)လုံး၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။ နောင်ပြူးကို ဖမ်းဆီးရမိရေး တနင်္သာရီမြို့မရဲစခန်းက မယ(ပ)၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)၊ (ပ) ၉/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)အရ အမှုဖွင့်လှစ်ကာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ထားဝယ်မြို့မှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ထံကနေ ပစ္စတိုသေနတ် (၁) လက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၆ ပြားနဲ့ ICE ၁၂ ဂရမ်တို့ကိုလည်း  ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ သတင်း - ကိုမြတ်ထွဋ် (မြိတ်)
5 years Ago
Up