တက်စ်လာ

January 26, 2021

ကိုဗစ်ကပ်ဘေးကာလ ကုဋေကြွယ်သူဌေးများ ပိုချမ်းသာလာ

ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ကမ္ဘာပေါ်မှာ ဆင်းရဲသူတွေက အကျပ်အတည်းဆိုက်နေချိန်မှာ အမေဇုံလုပ်ငန်းစုက ဂျက်ဖှ်ဘေဇို့စ်နဲ့ တက်စ်လာလုပ်ငန်း တည်ထောင်သူ အီလွန်မတ်စ်ခ်တို့လို ကုဋေကြွယ်သူဌေးတွေက ပိုချမ်းသာလာခဲ့ကြပြီး မညီမျှမှုတွေကို ကိုင်တွယ်အရေးယူဖို့ တောင်းဆိုတယ်လို့ ပရဟိတအဖွဲ့ကြီး Oxfam က ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

နိုင်ငံတွေမှာ ပြန်နာလန်ထူဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ပြီး တန်းတူညီမျှမှုရှိတဲ့ အခွင့်အရေး ပြတင်းပေါက်တွေ သေးလာနေတယ်လို့လည်း Oxfam  ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မညီမျှမှုဗိုင်းရပ်စ်လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာကိုလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အွန်လိုင်းကနေ ကျင်းပတဲ့ ဒါဗို့စ်ဆွေးနွေးပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးနေချိန်မှာ ဖြန့်ချိလိုက်ပါတယ်၊

Oxfam အဖွဲ့က “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်တဲ့ စီးပွားရေးမုန်တိုင်းဟာ ဆင်းရဲသားတွေကို အပြင်းထန်ဆုံး ရိုက်ခတ်တယ်။ အမျိုးသမီးတွေနဲ့ လူနည်းစုတွေဟာ အလုပ်ပြုတ်တဲ့ဒဏ်ကို အဆိုးဆုံးခံရတယ်။ လူ သန်း ၁၀၀ ကျော်ဟာ အဆုံးစွန် ဆင်းရဲမွဲတေတဲ့ဒဏ်ကို ခံရနိုင်တယ်။ ကပ်ရောဂါမတိုင်ခင် အခြေအနေမှာတုန်းက ဆင်းရဲသားဦးရေဆီ ပြန်ရောက်အောင် လျှော့ချဖို့ ဆယ်နှစ်ကျော် အချိန်ယူရနိုင်တယ်” လို့  ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကာလ မတ်လကနေ ဒီဇင်ဘာလကြားမှာ ကမ္ဘာ့ကုဋေကြွယ်သူဌေးကြီးတွေရဲ့ ကြွယ်ဝမှုဟာလည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ထရီလီယံကနေ ၁၁ ဒသမ ၉၅ ထရီလီယံအထိ တိုးလာခဲ့တယ်လို့ အစီရင်ခံစာက တွက်ချက်ပြထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး လူ ၁၀ ယောက်ရဲ့ ကပ်ဘေးသင့်ကာလမှာ တိုးလာတဲ့ အသားတင် ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၄၀ ရှိတယ်၊ ဒီပမာဏဟာ ကမ္ဘာပေါ်က လူတိုင်းအတွက် ကာကွယ်ဆေးဖိုးကို ပေးနိုင်တယ်လို့ သုတေသီတွေက ကောက်ချက်ချပါတယ်။

ကပ်ဘေးသင့်ကာလအတွင်း ယာယီအခွန် လျှော့ချပေးလို့ ကမ္ဘာ့ကော်ပိုရေးရှင်းကြီး ၃၂ ခုက ရတဲ့ အကျိုးအမြတ်ဟာ ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၁၀၄ ဘီလီယံ ရှိတယ်လို့လည်း Oxfam က ခန့်မှန်းပါတယ်။

3 months Ago

September 24, 2020

လျှပ်စစ်ကားသစ် ဘက်ထရီ ပိုကြာပြီး ဈေးတဝက်သက်သာမည်ဟု တက်စ်လာ ကတိပေး

လျှပ်စစ်ကား မော်ဒယ်သစ်ဟာ ဘက်ထရီ ပိုအားကောင်းကြာရှည်ခံပြီး ဈေးတဝက် သက်သာ မယ်လို့ တက်စ်လာ နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်ခ်က စက်တင်ဘာ ၂၁ ရက်မှာ ကတိပေး ပြောဆိုလိုက်ပါတယ်။ “4680 လို့ ခေါ်တဲ့ ဆလင်ဒါပုံ လျှပ်စစ်ကား ဘက်ထရီအသစ်ဟာ စွမ်းအင်ငါးဆ ပိုသိုလှောင်နိုင်ပြီး မောင်းနိုင်တဲ့ အကွာအဝေး ၁၆ ရာခိုင်နှုန်း ပိုများမယ်၊ လာမယ့် ၃ နှစ်လောက်မှာ အပြည့်အဝ ထုတ်လုပ်နိုင်မယ်။”  ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ရေး ဘက်ထရီထဲမှာပါတဲ့ ဈေးအကြီးဆုံးပစ္စည်း “ကိုဘော့” မပါဘဲ ထုတ်လုပ်ဖို့နဲ့ ဘက်ထရီအဟောင်းတွေကို ပြန်သုံးဖို့ တက်စ်လာက စီစဉ်နေတယ်လို့ ဆိုပါတယ်။  တက်စ်လာဟာ သူ့ရဲ့ နီဗားဒါးပြည်နယ်ထဲက စက်ရုံရဲ့လုပ်နိုင်စွမ်းထက် ၈၅ ဆ ပိုကြီးပြီး ၁ နာရီကို ၃၀၀၀ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ ဘက်ထရီတွေ ထုတ်လုပ်ဖို့ အရှိန်မြှင့် ကြိုးစားဖို့လည်း ရည်ရွယ်ထားပါတယ်။  ၂၀၁၉ မှာ တက်စ်လာရဲ့ ဘက်ထရီဟာ တစ်ကီလိုဝပ်အာဝါမှာ အမေရိကန်ဒေါ်လာ ၁၅၆ ဒေါ်လာ ကုန်ကျနေတယ်လို့ လျှပ်စစ်ကားအတိုင်ပင်ခံလုပ်ငန်း ကဲန်းစွမ်းအင်သုတေသန အကြံပေး အဖွဲ့က ဆိုပါတယ်။ တက်စ်လာဟာ လောလောဆယ်မှာ ဂျပန်က ပါနာဆိုးနစ်လုပ်ငန်းနဲ့မိတ်ဘက်တွဲပြီး နီဗားဒါး စက်ရုံအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရင်း လျှပ်စစ်ကား ဘက်ထရီတွေကို ထုတ်လုပ်နေပါတယ်။ တက်စ်လာရဲ့ ရှန်ဟိုင်းမြို့အခြေစိုက်စက်ရုံအတွက် တောင်ကိုရီးယားရဲ့ LG ကမ်နဲ့ တရုတ်ရဲ့ CATL ကုမ္ပဏီတွေက ဘက်ထရီဆဲလ်တွေ သွင်းနေပါတယ်။  တက်စ်လာဟာ အမေရိကန်နိုင်ငံ ဖရီးမောင့်မြို့က စက်ရုံအသစ်အပြင် ဂျာမနီနိုင်ငံမှာလည်း စက်ရုံသစ် တည်ပြီး လျှပ်စစ်ကားအတွက် ကိုယ်ပိုင်ဆဲလ် ထုတ်လုပ်ရေးစက်ရုံကို တည်နေပါတယ်။
7 months Ago
More News
Up