တကောင်းသစ်ဆိပ်၌သာ ရပ်ခွင့်ပြု

October 15, 2020

စစ်ကိုင်းမြို့တွင်း ဈေးဝယ်မည့် ရေယာဉ်နှင့်ကုန်တင်သင်္ဘောများကို တကောင်းသစ်ဆိပ်၌သာ ရပ်ခွင့်ပြု

ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်ဖို့ ဧရာဝတီမြစ်အလယ် ကျောက်ချ ရပ်နားထားတဲ့ မော်တော်ရေယာဉ်နဲ့ ကုန်တင်သင်္ဘောတွေပေါ် နေထိုင်သူတွေအား အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက စတင်ပြီး စစ်ကိုင်းမြို့အတွင်း စျေးလာဝယ်ခွင့်ကို တကောင်းသစ်ဆိပ်တခုတည်းသာ ခွင့်ပြုတော့တယ်လို့ သိရပါတယ်။ ဈေးဝယ်လာဝယ်ပါက စက်လှေ ယာဉ်ငယ်တွေကို ဧရာဝတီတံတား (ရတနာပုံ) အရှေ့ဘက် တကောင်းသစ်ဆိပ်မှာသာ ဆိုက်ကပ်ရပ်နားရမှာဖြစ်ပြီး စက်လှေ ၁ စီးကို လူ ၂ ဦးနှုန်းသာ ဝယ်ခွင့်ပြုထားကာ အမည်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တွေကိုလည်း မှတ်တမ်းယူထားပြီး စျေးဝယ်ချိန်ကိုလည်း မနက် ၆ နာရီခွဲမှ ၈ နာရီခွဲအချိန်ထိ ၂ နာရီ အချိန်သတ်မှတ်ပေးထားတယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက DVB ကို ပြောပါတယ်။ 'ရွှေကြက်ယက်ကျေးရွာဘက်မှာ စျေးတွေရောင်းတာတွေ မရှိတော့ ဧရာဝတီမြစ်လယ်မှာရှိတဲ့ မော်တော်ရေယာဉ် တွေ၊သင်္ဘောတွေက စစ်ကိုင်းဘက်ကိုပဲ စျေးလာဝယ်ကြတယ်။ နေ့စဉ် အများကြီးပဲ စက်လှေတွေကို တွေ့တဲ့ နေရာကိုရပ်နားပြီး စျေးလာဝယ်ကြတာပေါ့။ ကျနော်တို့က မလာဖို့တော့ မဟုတ်ပါဘူး၊ အဟန့်အတားတစ်ခု လုပ်တဲ့အနေနဲ့ သတ်မှတ်တဲ့ နေရာကဝင်ဖို့ပေါ့နော်။ စနစ်တကျ နာမည်စာရင်းကောက်တယ်။ နှာခေါင်းစည်း MASK ပေးတယ်။ ဖြစ်လာရင် ဆက်သွယ်ဆောင်ရွက်လို့ရအောင် ဖုန်းနံပါတ်တွေယူထားတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ကူးစက်မှု မရှိအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။'' မော်တော်ရေယာဉ်၊ ကုန်တင်သင်္ဘောတွေပေါ် နေထိုင်သူတွေ စစ်ကိုင်းမြို့အတွင်း ဈေးဝယ်လာမည်ဆိုပါက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ သိစေဖို့ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) တို့က ရေယာဉ်နဲ့ ဧရာဝတီမြစ်အတွင်း လိုက်လံ အသိပေးနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့အတွင်း စျေးလာဝယ်မဲ့ စက်လှေယာဉ်ငယ်တွေဟာ သတ်မှတ်ထားတဲ့ တကောင်း ဆိပ်ကမ်းမှာ ရပ်နားပြီး စိစစ်စစ်‌ဆေးမှုတွေခံယူပြီးမှ စစ်ကိုင်းမြို့ကို အဝင်ခံမှာ ဖြစ်ကြောင်းနဲ့  စည်းကမ်းချက် မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကိုင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သတင်း - ရဲနိုင်ဆွေ
10 months Ago
Up