ညမထွက်ရအမိန့်​ဖောက်ဖျက်

December 24, 2020

ညမထွက်ရအမိန့်​ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်ချခံရသူကို အင်းစိန်​ထောင်ပို့ စစ်​ဆေးရာ၌ ​ရောဂါ ပိုး​တွေ့

ပြစ်ဒဏ်​ကျခံရမယ့် အကျဥ်းသားသစ်တွေကို အင်းစိန်​ထောင်မကြီးထဲမပို့ခင် Test Kit နဲ့ စစ်​ဆေးရာမှာ အကျဥ်းသား ၁ ဦး ​ကိုဗစ်-၁၉ ​ရောဂါပိုး စစ်​ဆေး​တွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းအကျဥ်းဦးစီးဌာနရဲ့ ညွှန်ကြား​ရေးမှူး ဦး​ဇော်​ဇော်က ဒီဗွီဘီကို​​ပြောပါတယ်။ ပိုးတွေ့အကျဉ်သားကို ဒီဇင်ဘာ  ၂၃ ရက်​နေ့က စဖွင့်ခဲ့တဲ့ အင်းစိန်ဗဟိုအကျဥ်း​ထောင်ပရဝဏ်ထဲက ကိုဗစ်လူနာကုသ​ရေး​ဆောင်မှာ ​​ဆေးကုသမှု​ပေး​နေ​တယ်လို့ ဆိုပါတယ်။ ညမထွက်ရအမိန့်​ဖောက်ဖျက်လို့ ​​ရွှေပြည်သာမြို့နယ်က​နေ အချုပ်နဲ့ တရားရင်ဆိုင်ရင်း ​ထောင်ဒဏ် ၁ လ ကျခံခဲ့ရတဲ့ ပိုးတွေ အမျိုးသားအပါအဝင် အ​င်းစိန်အကျဥ်း​ထောင်ကို ​ရောက်ရှိလာတဲ့သူ အ​ယောက် ၁၀၀ ​ကျော်ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အကျဥ်းဦးစီး ဆရာဝန်​တွေက စစ်​ဆေးရာမှာ အဲဒီ့အမျိုးသားမှာ ​ရောဂါပိုး​တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အကုန်စစ်လိုက်​တော့ ​တွေ့တဲ့သူပဲ ​ပေါ့တစ်​ဆောင်ကိုပို့လိုက်တာဖြစ်ပြီး ကျန်တဲ့ ပိုးမ​တွေ့တဲ့သူ​တွေကို​တော့ ကွာရန်တင်း​ဆောင်မှာ သီးသန့်ထားမယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။ အင်းစိန်အကျဥ်း​ထောင်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ ကိုဗစ်ကုသ​ရေးစင်တာ ဖွင့်တဲ့​နေ့မှာ ​ရောဂါကူးစက်ခံရသူ စ​တွေ့ခဲ့တာဖြစ်ပြီး ကိုဗစ်စင်တာမဖွင့်ခင်က အချုပ်သားသစ် ၃ ​ယောက်မှာ ​ရောဂါပိုး​တွေ့ရှိခဲ့ဖူးပြီး သူတို့ကို အင်းစိန်​ဆေးရုံမှာပဲ ​ဆေးကုသ​ပေခဲ့တယ်လို့ ဆိုပါတယ်။
5 months Ago

August 26, 2020

ညမထွက်ရအမိန့်​ဖောက်ဖျက်သဖြင့် ၃ လ​ကျော်အတွင်း လူ​ပေါင်း ၃၇၀၀ ​ကျော်ကို အ​ရေးယူ

ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေးအတွက် ဧပြီလ တတိယပတ်ကစပြီး မြန်မာနိုင်ငံမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး​နောက် ဧပြီ၊​ မေ၊ ဇွန်နဲ့ ဇူလိုင်လ​တွေမှာ အဲဒီ အမိန့်ကို​ ဖောက်ဖျက်လို့ အ​ရေးယူခံရတဲ့သူ​ပေါင်း ၃၇၀၀​ ကျော်ရှိခဲ့​တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒီဗွီဘီကို ​ပြောပါတယ်။ အခုနှစ် မတ်လ ၂၃ ရက်​နေ့ကစပြီး ပြည်တွင်းမှာ ​ရောဂါကူးစက်မှုရှိလာခဲ့ပြီး​နောက် အစိုးရက  ရောဂါထိန်းချုပ်​ရေးအစီအစဉ် ချမှတ်လာခဲ့ရာမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ လည်း တစ်ခု အပါအဝင်ဖြစ်လာခဲ့ပါတယ်။ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ မလိုက်နာလို့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အ​ရေးယူခဲ့ရာမှာ ဧပြီလ တတိယပတ်ကနေ ဧပြီလကုန်အထိ ၉၀၇ ဦး၊ မေလမှာ ၁၅၅၃ ဦး၊ ဇွန်လမှာ ၅၉၃ ဦး၊ ဇူလိုင်လ ၆၈၂ ဦး ရှိခဲ့​ကြောင်း ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယား​တွေအရ သိရပါတယ်။ ညမထွက်ရအမိန့်ကို စတင်အကျုံးဝင်ချိန် ည ၁၀ နာရီက မနက် ၄ နာရီအထိသတ်မှတ်ခဲ့ပေမဲ့ အခုအခါ ည ၁၂ နာရီက မနက် ၄ နာရီအထိပဲ  အကျုံးဝင်ပါ​တော့တယ်။ ဒါ​​ပေမဲ့ ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်လာတဲ့ စစ်​တွေမြို့မှာ​တော့ ညမထွက်ရအမိန့်ကို သြဂုတ်လ ၂၁ ရက်​နေ့ကစလို့ ည ၉ နာရီက မနက် ၄ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
9 months Ago
Up