ညင်သာစွာ ဇီဝိန်ခြွေပေးရေး

December 23, 2018

ညင်သာစွာ ဇီဝိန်ခြွေပေးရေး ဥပဒေ မျှော်လင့်နေတဲ့ စပိန်က အာရုံကြောရောဂါသည်

စပိန်နိုင်ငံ သေဆုံးခါနီး အာရုံကြောရောဂါသည်တွေဟာ ညင်သာစွာ ဇီဝိန်ခြွေပေးရေး ဥပဒေ အဆင်သင့်ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။ မာရီရာနို လိုးပက်စ်ဟာ သူ့ဘီးတပ်ကုလားထိုင်ပေါ်က ခလုတ်တွေကို နှိပ်ရတာကြိုက်တဲ့ တူမဖြစ်သူနဲ့ ကစားနေပါတယ်။ ဒါပေမယ့်လည်း ပိုဆိုးလာနေတဲ့ သူ့ရောဂါအခြေအနေဟာ နောက်ဆုံးမှာ သူ့ကို အသက်ကယ်အထောက်အကူပြုပစ္စည်းတွေနဲ့ ထားရစ်လိမ့်မယ်ဆိုတာကို နာနာကျင်ကျင် သိရှိခံစားနေရပါတယ်။ သူ့မျှော်လင့်ချက်ဟာ ကုသမှုရဖို့ မဟုတ်ဘဲ သေခြင်းတရားကို သူ့စိတ်ဆန္ဒအလျောက် ရင်ဆိုင်သွားနိုင်အောင် ခွင့်ပြုပေးမယ့် လွှတ်တော်ဥပဒေကြမ်းတခု ဖြစ်နေပါတယ်။ ဥရောပမှာ စပိန်အစိုးရဟာ ၂၀၂၀ သက်တမ်းမကုန်ခင်အချိန်မှာ ညင်သာစွာ ဇီဝိန်ခြွေပေးခြင်းနဲ့ ကူညီပံ့ပိုးပေးတဲ့ အဆုံးစီရင်မှုတွေကို တရားမ၀င်အရာတွေအဖြစ်က ရပ်စဲလိုက်တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ အခုချိန်မှာတော့ တစုံတယောက်ရဲ့ ဘ၀အဆုံးသတ်သွားဖို့ အကူအညီပေးရင် ထောင်ဒဏ်ဆယ်နှစ်အထိ ကျခံရနိုင်ပါတယ်။ ရှေးရိုးရာ ကက်သလစ်နိုင်ငံမှာ ငြင်းခုန်အန်တုမှုတွေ အများကြီး ရှိနေသေးပေမယ့် ဝေဒနာရှင် လိုးပက်စ်အတွက်တော့ ငြင်းခုံမှုတွေ မလိုတော့ပါဘူး။ အသက် ၄၀ အရွယ် စီးပွားရေးသမားဟောင်းတယောက်ဖြစ်တဲ့ လိုးပက်စ်ဟာ ပြင်းထန်အာရုံကြောရောဂါတမျိုးကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်က စတင်ခံစားခဲ့ရတာပါ။ သူက လမ်းမလျှောက်နိုင်တော့သလို ညာဘက်လက်မောင်းလည်း လှုပ်လို့မရတော့ပါဘူး။ ဒါဟာ ဆုတ်ယုတ်ပျက်စီးလာမှုဖြစ်စဉ်ရဲ့ ပထမဆုံးအဆင့်ဖြစ်ပြီး ဝေဒနာရှင်တွေအနေနဲ့ စကားပြောနိုင်စွမ်းနဲ့  စားသောက်နိုင်စွမ်း ဆုံးရှုံးလာပြီး နောက်ဆုံးမှာတော့ အသက်ရှုနိုင်စွမ်းလည်း ဆုံးရှုံးသွားပါတယ်။ “အချိန်ကျလာရင် ကျနော့်ဘ၀ တန်ဖိုးရှိသေးလားဆိုတာကို ကျနော့်ဘာသာ ရွေးချယ်ဆုံးဖြတ်ချင်တယ်။ ဘ၀တန်ဖိုးမရှိတော့လို့ ကျနော်က အဆုံးသတ်ချင်တယ်ဆိုရင် အဲဒီလိုလုပ်ဖို့ ရွေးချယ်ခွင့် ရချင်တယ်” လို့ လိုးပက်စ်က ပြောပါတယ်။ စပိန်နိုင်ငံ ကက်သလစ်ဘုရားကျောင်းကတော့ ဒီလိုဇီဝိန်ခြွေခွင့်ပေးတာကို ကျင့်ဝတ်ပိုင်းအရ မှားယွင်းတယ်လို့ ယူဆပြီး ရှေးရိုးစွဲ အတိုက်အခံပါတီကလည်း အဲဒါကို ပြစ်မှုအဖြစ် ဆက်လက်ထားရှိချင်နေပါတယ်။ ဒါပေမယ့် ဖရန်စစ္စကို ဖရန်ကို အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ချိန် ၁၉၇၅ ကစလို့ ဘုရားကျောင်းတွေရဲ့ လွှမ်းမိုးနိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ မနှစ်က ကောက်ယူခဲ့တဲ့ အမျိုးသားအဆင့် လူထုအတွေးအခေါ် စစ်တမ်းတခုမှာ ညင်သာစွာ ဇီဝိန်ခြွေပေးမှုကို ထောက်ခံသူ ၈၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ပါတီအများစုကလည်း လူနည်းစု ဆိုရှယ်လစ်အစိုးရရဲ့ ဒီဥပဒေကြမ်းကို ကျောထောက်နောက်ခံပြုပေးသွားမယ်လို့ ဆိုပါတယ်။ ၂၀၀၅ မှာလည်း စပိန်ဟာ ကမ္ဘာပေါ်မှာ လိင်တူလက်ထပ်ခွင့်ပေးတဲ့ တတိယမြောက်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ စပိန်မှာ ညင်သာစွာ ဇီဝိန်ခြွေပေးရေးကို ပြည်သူလူထု အာရုံစိုက်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ အော်စကာဆုရ စပိန်ရုပ်ရှင် ‘Sea Inside’ ပြီးချိန်ကစလို့ ဖြစ်ပါတယ်။ အဲဒီ ၂၀၀၄ ခုနှစ် ဇာတ်ကားဟာ ကိုယ်ခန္ဓာမလှုပ်နိုင်တဲ့ လူတယောက်က တရားဝင်အဆုံးစီရင်ခွင့်ကို နှစ်ဆယ်ချီတောင်းဆိုလာခဲ့ပေမယ့် တရားရုံးတွေက ပယ်ချခဲ့တဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူက ကူညီထောက်ပံ့မှုယူပြီး အဆုံးစီရင်သွားပါတယ်။ ရုပ်ပိုင်းအရ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအရ သည်းမခံနိုင်လောက်တော့တဲ့ဘ၀ကို လွတ်လပ်စွာ အဆုံးစီရင်ခွင့်ပေးတာဟာ ကိုယ်ရေးကိုယ်တာ ဖြစ်စဉ်တခုလို့ လိုးပက်စ် ယူဆထားပါတယ်။ ဒါကဆက်ပြီး တရားမ၀င်ဖြစ်နေသေးရင် ဘာဆက်လုပ်မယ်ဆိုတာတော့ သူမပြောပါဘူး။ လွန်ခဲ့တဲ့ တနှစ်တုန်းကဆိုရင် သူက အလုပ်လုပ်နိုင်သေးတယ်။ ဂေါက်ဖ်ရိုက်နိုင်သေးသလို စက်ဘီးလည်း စီးနိုင်ပါသေးတယ်။ လွန်ခဲ့တဲ့ ၇ လလောက်အထိလည်း သူကားမောင်းနိုင်ပါသေးတယ်။ အခုအချိန်မှာတော့ သူက လျှပ်စစ်ဘီးတပ်ကုလားထိုင်ကို အမှီပြုနေရပြီး အ၀တ်အစားလဲဖို့ကို အသက် ၇၈ နှစ်အရွယ် ဖခင်က ကူညီပေးနေရပါတယ်။ အသက်ရှူရခက်တာကလည်း ဆိုးဆိုးရွားရွား ထိခိုက်နာကျင်ရမှုတခုဖြစ်တယ်လို့ သူကဆိုပါတယ်။ အသက် ၄၆ နှစ်အရွယ် သူ့အစ်မကတော့ သူ့ဆုံးဖြတ်ချက်ကို သဘောမတူနိုင်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ရဲရင့်တဲ့သတ္တိကို လေးစားပေးရမယ်လို့ ပြောရှာပါတယ်။ “ဘယ်သူတွေ ဘာတွေပဲထင်ထင်၊ ဘာတွေပဲပြောပြော သူ့သဘောဆန္ဒအရ လုပ်ချင်တယ်ဆိုရုင် အဲဒီအတိုင်း လုပ်ရမှာပေါ့” လို့ ပြောပါတယ်။
2 years Ago
Up