ဈေးသည်

September 23, 2021

ပန်ဆိုင်း၊ မန်မိုင်ရွာတွင် ဈေးသည်တစ်ဦး ပစ်သတ်ခံရ

ရှမ်းပြည်နာ်မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မန်မိုင်ရွာမှာ လှည့်လည် ဈေးရောင်းနေတဲ့ ဆိုင်ကယ်ဈေးသည် အမျိုးသားတစ်ဦး စက်တင်ဘာ ၂၂ ရက်နေ့  မနက် ၉ နာရီကျော်လောက်က အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ ပစ်သတ်ခံရကြောင်း ဒေသခံတွေနဲ့ လူမှု ကူညီရေးအသင်း တွေဆီက သိရပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက "ကျနော့်ဆီ ဖုန်းဆက်တာတော့ ၁၁ နာရီ ဝန်းကျင်လောက်ရှိမှာပေါ့။ အဲဒါ ပန်ဆိုင်း လူမှု ကူညီရေးအသင်းကနေ အကူအညီတောင်းတာ။ ပန်ဆိုင်းဈေးကနေပြီးတော့မှ ဒီ ကျင်စန်းကျော့ သွားတဲ့ဘက်ပေါ့။ ကျနော်တို့ ပန်ဆိုင်း လူမှုကူညီရေးအသင်းက အကူအညီတောင်းလာလို့ သွားသယ်ပေးတာပေါ့နော်" လို့ DVB ကိုပြောပါတယ်။

သေဆုံသွားတဲ့သူက ဆိုင်ကယ်နဲ့ တံမြက်စည်း၊ ကြက်မွေး၊ ဆန်ကောတွေ ဆိုင်ကယ်နဲ့ ရွာတွေဘက် လှည့်ပတ်ရောင်းနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲစုရွာက အသက် ၃၀ ကျော်အရွယ် ချမ်းငြိမ်းအောင်ဆိုသူဖြစ်ပြီး ဘယ်ရင်အုံနား၊ ရင်ညွန့်အောက်ဘေးနားနဲ့ ညာနံရိုးတို့မှာ သေနတ်ကျည်ထိမှန် ဒဏ်ရာ သုံးချက်နဲ့ သေဆုံး‌နေတာလို့ ဆိုပါတယ်။

သေဆုံးသွားသူက မိသားစုနဲ့အတူ မူဆယ်မြို့မှာနေထိုင်တာလို့ ပါဝင်ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

အဲလိုမျိုး ဖြစ်စဉ်တွေကို ထပ်မံဖြစ်လာမှာ စိုးရိမ်‌ကြကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူ‌‌တွေရဲ့ ခွင့်ပြုချက်အရ မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ဆိုပါတယ်။

ဈေးသည် အမျိုးသားအား ဘာကြောင့် ပစ်သတ်တယ်ဆိုတာနဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ဓာတ်ပုံ -  မိုင်းယု ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်း

2 months Ago

September 17, 2020

ဗိုလ်တထောင် ချမ်းမြေ့ဈေးက ‌ဈေးကောက်နှင့် ဈေးသည် ၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိ  ဈေးတခုမှာ   ‌ဈေးကောက်နဲ့ဈေးသည် ၅ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့ ပြီးနောက်မှာ   ရပ်ကွက်ထဲ ဈေးကားတွေနဲ့ လှည့်လည်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဗိုလ်တထောင်မြို့နယ်က ချမ်းမြေ့ဈေးမှာ ဈေးကောက် ၂ ဦး၊ ဝက်သားသည် ၂ ဦး၊ ကြက်သားသည် ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရတယ်လို့  ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောပါတယ်။ အခုလက်ရှိဈေးကိုတော့ ဖွင့်လှစ်ထားပြီး ပိုးတွေ့ရှိတဲ့ဈေးသည်တွေရဲ့ နေရာကိုတော့ lockdown ချထားပါတယ်။ ဒါကြောင့် ကိုဗစ် ပထမလှိုင်းတုန်းကလို ဈေးကားနဲ့ လှည့်လည်ရောင်းဖို့ တာဝန်ရှိသူတွေက ဆွေးနွေးနေကြပါတယ်။ ဈေးတွေမှာလည်း social distancing လုပ်ဖို့အခြေအနေကလည်း မလွယ်ကူတဲ့ အခြေအနေ ရှိနေပါတယ်။ ဒါ့အပြင်ပျံကျဈေးတွေကလည်း အခုချိန်မှာအန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပြီး ထိန်းချုပ်ဖို့ အဖွဲ့အစည်းလိုအပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ တချို့မြို့နယ်တွေကလည်း ဈေးမှာလူနည်းသွားအောင် ဈေးသည်တွေကို စုံရက် မရက် ခွဲရောင်း‌ခိုင်းတာတွေလည်း ရှိနေပါတယ်။  မြို့နယ်စည်ပင်သာယာတာဝန်ရှိသူတွေကလည်း သား၊ငါးနဲ့ စားသောက်ကုန်ဆိုင်တွေပဲ အခုချိန်မှာ အဓိကဖွင့်လှစ်ရောင်းချဖို့  ဈေးရောင်တဲ့ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။ သတင်း-ခင်ငြိမ်းချမ်း
1 year Ago
More News
Up