ဈာပနအခမ်းအနား

July 24, 2021

ဟေတီသမ္မတ ဈာပနအခမ်းအနား ကျင်းပ

ဟေတီနိုင်ငံရဲ့ ကွယ်လွန်သူသမ္မတ ဂျိုဇစ်နယ်လ်မိုအိဇ်ရဲ့ဈာပန အခမ်းနားကို လုပ်ကြံ သတ်ဖြတ်ခံရပြီး ၂ ပတ်အကြာ ဇူလိုင် ၂၃ ရက်မှာ ကျင်းပခဲ့ပါတယ်။

ဟေတီနိုင်ငံအလံလွှမ်းခြုံထားတဲ့ သမ္မတရဲ့ခေါင်းတလားကို ခန်းမတခုထဲမှာ ပြင်ဆင်ထားပြီး စစ်ဝတ်စုံ ဝတ်ဆင်ထားသူတွေက ဝန်းရံစောင့်ကြပ်ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အနောက်ကမ္ဘာခြမ်းအတွက် ထိပ်တန်းအကြံပေးပုဂ္ဂိုလ် အပါအဝင် နိုင်ငံရပ်ခြားမှ ဂုဏ်သရေရှိ ဧည့်သည်တွေဟာ ကွယ်လွန်သူသမ္မတကို လေးစားဂါရဝပြုဖို့ ဟေတီနိုင်ငံမြောက်ပိုင်းက ကပ်ဟေတီရန်ကို လာရောက်ခဲ့ကြပြီး သမ္မတဆီကို လွမ်းဆွတ်ငိုကြွေး ဂါရဝလာပြုကြတဲ့ ဟေတီပြည်သူတွေနဲ့အတူ ဈာပနကို ပူးပေါင်းတက်ရောက်ခဲ့ကြပါတယ်။

 ဇူလိုင် ၇ ရက် မနက်စောစောက သမ္မတ မိုအီဇ်ဟာ မြို့တော် ပို့တ်အောပရင့်စ်ရှိ သူ့နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။ လုပ်ကြံမှုကို ကိုလံဘီယာစစ်သားဟောင်း ၂၆ ယောက် ပါဝင်တဲ့အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ထဲက ၆ ယောက်ဟာ အမေရိကန် စစ်သင်တန်းဆင်းတွေဖြစ်ပါတယ်။

 ဟေတီ-အမေရိကန်တွေလည်း စွပ်စွဲခံရသူတွေထဲမှာ ပါဝင်နေပါတယ်။ ဒီတိုက်ခိုက်မှုကို ကြံစည်သူတွေဟာ သူတို့ကိုယ်သူတို့ အမေရိကန်ပြည်ထောင်စုရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့ဝင်တွေအဖြစ် ဟန်ဆောင် လှည့်ဖြားပြီး သမ္မတအိမ်ကို ဝင်ရောက်ခဲ့တာကြောင့် သမ္မတအိမ်က လုံခြုံရေးအစောင့်တွေ ခုခံနိုင်စွမ်းမရှိခဲ့ဘူးလို့ ဟေတီအာဏာပိုင်တွေက ပြောပါတယ်။

သမ္မတလုပ်ကြံခံရပြီး နိုင်ငံမငြိမ်သက်မှုတွေကြောင့် ဟေတီနိုင်ငံဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဦးစားပေးပြီး ဇူလိုင် ၂၂ ရက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဟေတီအတွက် အထူးသံတမန်တယောက် ခန့်အပ်ဖို့ အမည်တင်သွင်းခဲ့ပါတယ်။ 

ဟေတီနိုင်ငံရဲ့ ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင်တွေက နိုင်ငံကိုကာကွယ်ပေးဖို့အတွက် တပ်ဖွဲ့များစေလွှတ်ပေးဖို့ တောင်းဆိုချက်ကိုတော့ သမ္မတ ဘိုင်ဒန်က ငြင်းဆန်ခဲ့ပါတယ်။ 

3 months Ago

April 3, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျူးနှင့် မွတ်စလင် ဈာပနအခမ်းအနားများ ပုံစံပြောင်း ကျင်းပနေရ

အစ္စရေးနိုင်ငံက ဘာသာရေး အထွတ်အမြတ်မြို့ ဟိုလွန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေ တိုးလာနေလို့ ဂျူးနဲ့ မွတ်စလင်တွေရဲ့ အစဉ်အလာ ဈာပနအခမ်းအနားတွေကို ပုံစံပြောင်း ကျင်းပနေရပါတယ်။  အစ္စရေးမှာ ဂျူးတွေဟာ အစဉ်အလာအရ အလောင်းကို ပိတ်စနဲ့ ရစ်သိုင်းပြီး ခေါင်းတလား မပါဘဲ မြေမြှုပ်လေ့ရှိတာပါ။ အခုတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးသူ အလောင်းကို ဘာသာရေးအရ ဆေးကြောပြီးရင် အရည်မစိမ့်နိုင်တဲ့ ပလတ်စတစ်နဲ့ နှစ်ကြိမ် ရစ်ပတ်ပြီးမှ မြေမြှုပ်သင်္ဂြိုဟ်နေရပါတယ်။ ဂျူးဈာပနတွေကို ကြီးကြပ်သူ အဖွဲ့ဝင်တယောက်က “ဘာကို မျှော်လင့်ရမလဲ၊ ဘယ်လောက်များတဲ့ အလောင်းတွေကို ဖြေရှင်းရမလဲ ကျနော်တို့ မသိဘူး၊ ကြောက်တာတော့ အများကြီးပဲ” လို့ ပြောပါတယ်။ ဂျေရုဆလင်နဲ့ ပါလက်စတိုင်း ဒေသတွင်း မွတ်စလင် ဘာသာရေး ခေါင်းဆောင် ရှိတ်ခ် မူဟမ်မဒ်ဟူစိန်ကတော့ မွတ်စလင်တွေရဲ့ ဈာပနအတွက် ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတဲ့ အမိန့်သစ်တွေ ထုတ်ပေးထားပြီးပြီလို့ ပြောပါတယ်။ ကူးစက်ခံ သေဆုံးသူတွေကို မဆေးကြော၊ အဝတ်နဲ့ မရစ်သိုင်းဘဲ ပလတ်စတစ် အလောင်းအိတ်ထဲ ထည့်ပြီး မြေမြှုပ်ဖို့ လိုအပ်ချက်အရ စည်းမျဉ်းထုတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း အာဏာပိုင်တွေက အိမ်တွင်းအောင်းဖို့ ညွှန်ကြားချက်တွေ ထုတ်ပြီးကတည်းက ကူးစက်မှု ဟန့်တားရေး လူစုလူဝေး အရွယ်အစားကို ကန့်သတ်ထားလို့ ဈာပနပွဲနဲ့ ဝမ်းနည်းအောက်မေ့ပွဲတွေလည်း လူတိုင်းအတွက် ပြောင်းကုန်ပါတယ်။  အစ္စရေးနိုင်ငံအတွင်း ဈာပနတွေကို လေဟာပြင်မှာသာ ကျင်းပရပြီး လူအယောက် ၂၀ ထက် မပိုရသလို လူချင်း အနည်းဆုံး ခွာနေရမယ့် အကွာအဝေးကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ဂျူး အစဉ်အလာအရ ဈာပနပွဲအပြီး ၇ ရက်အတွင်း သိကျွမ်းသူတွေဟာ ကျန်ရစ်သူ မိသားစုအိမ်ကို စားနပ်ရိက္ခာတွေ ယူလာပြီး အားပေးစကား ပြောရင်း သေဆုံးသူအကြောင်း နောက်ကြောင်းပြန် ပြောဆိုလေ့ ရှိပါတယ်။ ခုတော့ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသမှာ ကျန်ရစ်သူ မိသားစုဟာ စာနာမှု ဆုတောင်းတွေကို လူမှုကွန်ရက်ပေါ်ကနေသာ လက်ခံရယူနေကြရပါတယ်။
2 years Ago
Up