ဇွန်လတွင် ပြန်ဖွင့်မည်

May 26, 2020

ကုန်တိုက်နှင့် ဈေးဆိုင်များ ဇွန်လတွင် ပြန်ဖွင့်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

လာမယ့် ဇွန်လမှာ ဈေးဆိုင်တွေ၊ ကုန်တိုက်တွေနဲ့ ရှော့ပင်းစင်တာတွေကို ပြန်ဖွင့်သွားမယ်လို့   ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မေ ၂၅  ရက်မှာ ပြောပါတယ်။  ကိုဗစ်-၁၉ လုံခြုံရေး လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီရင် ဇွန်လ ၁ ရက်ကစပြီး လေဟာပြင် ဈေးတွေနဲ့ ကားအရောင်းပြခန်းတွေကို ပြန်ဖွင့်နိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောခဲ့ပါတယ်။  ကျန်တဲ့ အဓိကကုန်စည်မဟုတ်တဲ့ အရောင်းဆိုင်တွေကိုလည်း အစိုးရ စစ်ဆေးချက်တွေနဲ့  ဇွန် ၁၅  ရက်ကစလို့ ပြန်ဖွင့်နိုင်မယ်လို့ ဂျွန်ဆင်က ပြောပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ် ဂျွန်ဆင်က သူ့ဝန်ထမ်း တဦးတယောက်ကမှ ပြည်သူ့ကျန်းမာရေး  သတင်းစကားကို ထိခိုက်အောင် မလုပ်ဘူးဆိုတာ ယုံကြည်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့အကြီးတန်းအကြံပေး ဒေါ်မနစ်ကမ်မင်းစ်ရဲ့ လုပ်ရပ်အပေါ် ဒေါသဖြစ်နေတာနဲ့  ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ ကိုဗစ်-၁၉ မပျံ့နှံ့စေဖို့ လော့ဒေါင်းချထားတဲ့ ကာလအတွင်း ကမ်မင်းစ်ဟာ လန်ဒန်ကနေ သူ့ရဲ့ ၄ နှစ်အရွယ် သားငယ်ရှိရာ ဒါဘန်မြို့ကို ခရီးသွားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကမ်မင်းစ်ကို တောင်းပန်ဖို့ ဒါမှမဟုတ် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေပေမယ့် ကမ်မင်းစ်က သူဟာ ဘာအမှားမှ မလုပ်ဘူးလို့ ငြင်းဆန်ပြောဆိုခဲ့ပါတယ်။ မေ ၂၅  ရက်အထိ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၆၀,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၃၆,၀၀၀ ကျော် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။
12 months Ago
Up