ဇွဲကပင်ဆရာတော်

July 30, 2017

မဘသ ဆိုင်းဘုတ်တွေ လုံးဝအဖြုတ်မခံဘဲ မြို့၊ ရွာ၊ ကျောင်းတိုင်း တင်ထားကြပါ - ဇွဲကပင်ဆရာတော် (ရုပ်သံ)

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုင်းဘုတ်တွေ ဖြုတ်မှာမဟုတ်ဘဲ မြို့တိုင်း၊ ရွာတိုင်း၊ ကျောင်းတိုင်း တင်ထားကြဖို့ ကရင်ပြည်နယ် မဘသ ဥက္ကဋ္ဌ ဇွဲကပင်ဆရာတော် ဦးက၀ိဓဇက မိန့်ကြားလိုက်ပါတယ်။ မဟန ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး ဇူလိုင် ၂၈ ရက်က ဘားအံမြို့ ဇွဲကပင်တောင်ခြေ လုမ္ပိနီဥယျာဉ်ကျောင်းတိုက်မှာ ကျင်းပတဲ့ ကရင်ပြည်နယ်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်တို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှာ ဆရာတော်က မိန့်ကြားလိုက်တာပါ။ ပြည်နယ် မဘသ ဥက္ကဋ္ဌ ဆရာတော် ဦးက၀ိဓဇ (ဇွဲကပင်တောင် ဆရာတော်) က “အမျိုးဘာသာ သာသနာ စိတ်ဓာတ်ပြည့်ပြည့်၀၀နဲ့ ခုနက ဦးဇင်းတို့ မဖြုတ်နိုင်တဲ့ ဆိုင်းဘုတ်ကြီး ကိုလည်းပဲ အခုပြန်လည်တည်ထားတာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းအဖွဲ့ ဒီစကားလုံးက တကယ်တန်ဖိုးရှိပါတယ်။ ဘယ်ဘာသာမဆို ကိုယ့်ဘာသာ၊ ကိုယ့်အမျိုး၊ ကိုယ့်သာသနာ ချစ်မြတ်နိုးရမယ်။ ကိုယ့်အမျိုး ကိုယ့်ဘာသာကိုယ် ချစ်မြတ်နိုးတဲ့ ဆိုင်းဘုတ်ကြီး ကို လာပြီးတော့ဖြုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘာသာမဲ့ မိစ္ဆာ ဒိဋ္ဌိတွေလို့ ဆိုရတော့မှာပေါ့။ ဘာသာမဲ့ မိစ္ဆာ ဒိဋ္ဌိတွေ ဖြုတ်မယ့် ဆိုင်းဘုတ်တွေကိုတော့ လုံးဝ အဖြုတ်မံဘဲနဲ့ နောင်ကို မြို့တိုင်းမြို့တိုင်း ရွာတိုင်းရွာတိုင်း ကျောင်းတိုင်း ကျောင်းတိုင်းမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတဲ့ ဆိုင်းဘုတ်ကို မြို့တိုင်းမြို့တိုင်း ရွာတိုင်းရွာတိုင်း ကျောင်းတိုင်း ကျောင်းတိုင်းမှာတင်ထားကြပါ” လို့ မိန့်ကြားပါတယ်။ အဆိုပါတွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲမှာ သံဃာအချင်းချင်း စည်းလုံးညီညွှတ်ဖို့ စေစပ်မယ့်အဖွဲ့ အထူးလိုအပ်ပြီး၊ မဘသနဲ့ မဟနတို့ တွေ့ဆုံဆွေးနွေးတဲ့အခါ ငြိမ်ချမ်းရေးကို ဦးတည်တဲ့ ထုတ်ပြန်ကြေညာချက်တခု ထုတ်ပြန်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆရာတော် ဦးအဂ္ဂ၀ံသ (တောင်ကလေး အေးရိပ်သာကျောင်း၊ မြ၀တီ)က လျှောက်ထားဆွေးနွေးခဲ့ပါတယ်။ ပြည်နယ်သံဃမဟာနာယက (မဟန)အကျိုးတော်ဆောင် ဆရာတော် ဦးပညာဝံသ  မဟနရဲ့ ထုတ်ပြန်ချက်အပေါ် မဘသ အဖွဲ့အနေနဲ့ လိုက်နာရန်နဲ့ ညွှန်ကြားချက်များကို သက်ဆိုင်ရာ မဘသအဖွဲ့အစည်းတွေကို အသိပေးအကြောင်းကြားထားပြီးဖြစ်သလို့ လက်ရှိ မဘသ အဖွဲ့အနေနဲ့ ဆိုင်းဘုတ်များဖြုတ်သိမ်းခြင်းမရှိတာဟာ ၁၉၄၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ ၂၀/၉၀ ပြဋ္ဌာန်းချက်အရ အရေးယူရမယ်ဆို မသင့်တော်တဲ့အတွက် ထပ်မံတွေ့ဆုံ ညှိနှိုင်းဆွေးနွေး ရတာလို့ မိန့်ကြားပါတယ်။ မဘသအဖွဲ့နဲ့ မဟနအကျိုးတော်ဆောင် ဆရာတော်တို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ပြည်နယ်၊ မြို့နယ်များမှ မဘသဥက္ကဋ္ဌ ဆရာတော်ကြီးတွေ၊ အဖွဲ့ဝင် သံဃာ၊ လူပုဂ္ဂိုလ် ၈၀ ကျော် တက်ရောက်ခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထား အပြီးအပိုင်ဖြုတ်သိမ်းဖို့နဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိပါက အာဏာစက်နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်သံဃနာယကအဖွဲ့က ထုတ်ပြန်ကြေညာ ထားပေမယ့် ဇူလိုင် ၁၆ ရက်ကက ဘားအံမြို့၊ သရက်တော်ကျောင်းတိုက်ရှေ့မှာ ပြည်နယ်နဲ့ မြို့နယ်မဘသ ဆိုင်းဘုတ်အသစ် ပြောင်းလဲတပ်ဆင်တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ သတင်း - ရဲမင်းခေါင်
4 years Ago

July 17, 2017

မဘသ ဆိုင်းဘုတ်ကို ဖြုတ်ရဲရင် လာဖြုတ်ပေါ့ - ဇွဲကပင်ဆရာတော် (ရုပ်သံ)

ကရင်ပြည်နယ် ဘားအံမြို့တွင်း စိုက်ထူထားတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်ကို လုံးဝမဖြုတ်နိုင်ကြောင်းနဲ့ ဖြုတ်ရဲတဲ့သူတွေ လာဖြုတ်ကြဖို့ ဇွဲကပင်ဆရာတော်က မိန့်ကြားလိုက်ပါတယ်။ တနိုင်ငံလုံးက မဘသဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့၊ မဘသနာမည်ကို မသုံးဖို့ သံဃမဟာနာယကအဖွဲ့က ဇူလိုင် ၁၅ ရက် နောက်ဆုံး ညွှန်ကြားထားတာဖြစ်ပြီး ဒီအပေါ် ဒီဗွီဘီ သတင်းထောက်က မေးမြန်းရာမှာ မဘသအဖွဲ့ဝင်ဆရာတော် ဦးကဝိဓဇက အခုလို မိန့်ကြားလိုက်တာပါ။ “အခု ဦးဇင်းတို့ မဘသ ဆိုင်းဘုတ်ကို ဘယ်နေ့ ဘယ်သူ လာဖြုတ်မလဲ၊ အဲဒါ ဖြုတ်ရဲရင် လာဖြုတ်ပေါ့။ အဲတော့ ဘာအကျိုးရှိမလဲ။ သူတို့လာဖြုတ်လို့ ဒီက ငြိမ်းချမ်းရေးအဖွဲ့က လုပ်လိုက်ရင် သူတို့ပဲ ဒုက္ခရောက်မယ်။ သူတို့ပဲ နာမည်ပျက်မယ်။ ဒီလိုလုပ်နေမယ့်အစား မဟနနဲ့ မဘသ ဆွေးနွေးမယ်၊ တိုင်ပင်မယ်၊ မကောင်းဘူးလား။ ဆွေးနွေးတိုင်ပင်လိုက်ရင် ပြည်သူတွေအားလုံး သာဓုခေါ်ကြမယ်။” ဆရာတော်က အခုလို မိန့်ကြားခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက တဘက်နဲ့တဘက် တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပြောပါတယ်။ “ဒီနှစ်ဘက်က တဘက်နဲ့တဘက် တွေ့ဆုံချင်တယ်ဆိုတာ အကောင်းဆုံးနည်းလမ်းပါ။ တွေ့ဆုံချင်တဲ့ဆန္ဒရှိတာ ဝမ်းသာစရာပါ။ ဒါ ရန်ပြေရာ ပြေကြောင်းပဲ။ ငါတို့နောက်ဘက်က လက်နက်ကိုင်ရှိတယ်၊ ဘာရှိတယ်ပြောတာက ကရင်ပြည်နယ်အတွက် မကောင်းဘူး။ ဒီနေ့ အခြေအနေက ဆိုင်းဘုတ်မဖြုတ်သေးဘူး။ နောက်တခုက အဘတို့ဘက်ကလည်း ဒီဆိုင်းဘုတ်ကို ဖြုတ်ရင်ဖြုတ်၊ မဖြုတ်ရင် ငါတို့ လာဖြုတ်မယ်လို့ မပြောထားဘူး။ ဆိုင်းဘုတ် ဖြုတ်ရမယ်လို့ အမိန့်ထုတ်ထားတာလောက်ပဲ ရှိတယ်။” လက်ရှိအထိမှာတော့ မန္တလေးနဲ့ ကရင်ပြည်နယ်မှာ ဆိုင်းဘုတ်တွေ မဖြုတ်သိမ်းသေးဘဲ ဒါကို သက်ဆိုင်ရာ တိုင်းအစိုးရတွေက ကိုင်တွယ်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ ရုပ်သံ - ရဲမင်းခေါင်
4 years Ago
Up