ဇြမ္ဘီ

June 11, 2019

သွေးပျက်ထိတ်လန့်ဖွယ် ဇွမ်ဘီ ရုပ်ရှင်ပရိသတ်အကြိုက် - The Dead Don’t Die ရုပ်ရှင် (နမူနာ)

သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ Horror Zombie Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ The Dead Don’t Die ရုပ်ရှင်ကို လာမယ့် ဇွန်လ ၁၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Focus Features က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jim Jarmusch က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်ထဲက စန်တာဗီးလ်မြို့လေးဟာ မငြိမ်သက် မငြိမ်းချမ်းနိုင်တော့ဘဲ သင်္ချိုင်းထဲက ထွက်လာတဲ့ ဇွမ်ဘီ (Zombie) တွေကြောင့် အထိတ်တလန့် ကျီးလန့်စာစား ဖြစ်နေကြတဲ့ ကာလတခုကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ခုလိုအခြေအနေမှာ မြို့ငယ်လေးက တာဝန်ကျ ရဲအရာရှိတွေအနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာတွေကို ပရိသတ်တွေ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Bill Murray၊ Adam Driver၊ Tilda Swinton၊ Chloë Sevigny တို့နဲ့အတူ အဆိုတော် သရုပ်ဆောင် မင်းသမီး Selena Gomez လည်း ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က Cannes Film Festival မှာ ကနဦး ပြသခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယို မြင်ကွင်းတွေ၊ တိုက်ခိုက်မှု ဇာတ်ဝင်ခန်းတွေ၊ ပြောစကားတွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းနီးပါး ရှိနေပါတယ်။
2 years Ago
Up