ဇူလိုင်လ

August 8, 2020

စစ်ကိုင်းတိုင်း၌ ဇူလိုင်လအတွင်း ဘေးအန္တရာယ် ၅၃ ကြိမ် ဖြစ်ပွား

စစ်ကိုင်းတိုင်းမှာ ဇူလိုင်လ တစ်လအတွင်းမှာ ဘေးအန္တရာယ်ဖြစ်ပွားမှုက ၅၃ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး အများစုက မြစ်ရေတက်လို့ ရေဝင်ပြောင်းရွှေ့ရတာတွေဖြစ်ကာ ၂၅ ကြိမ်ထိ ရှိခဲ့ပါတယ်။  ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းမှာ မီးဘေး ၇ ကြိမ်၊ မိုးကြိမ်းဘေး ၂ ကြိမ်၊ ကမ်းပြိုဘေး ၁၃ ကြိမ်၊ လေဘေး ၄ ကြိမ်၊ မြေပြို ၂ ကြိမ်တို့လည်း ဖြစ်ပွားခဲ့ပြီး နေအိမ် ၄၀ လုံးဝပျက်စီးကာ အိမ်ထောင်စုပေါင်း ၂၄၇၉ စု၊ လူဦးရေ ၁၁၂၅၂ ဦး ဘေးသင့်ခဲ့တာပါ။  မိုးကြိုးကြောင့် သေဆုံးသူ ၃ ဦး၊ လေဘေးကြောင့် သေဆုံးသူ ၃ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပါသေးတယ်။  ဘေးအန္တရာယ်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ ငွေကျပ်သိန်းပေါင်း ၄၃၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ရပါတယ်။ စစ်ကိုင်းတိုင်း ဘေးစီမံ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “မနှစ်က ကာလတူနဲ့စာရင်တော့ နည်းတယ်ပြောရမယ်။ မနှစ်က ရေဘေးက များတယ်။ ဒီနှစ်က ရေဘေးက နည်းတယ်။ မိုးကြိုးဘေးကတော့ သိပ်မကွာပါဘူး။ ထောက်ပံ့ရမှုအနေနဲ့လည်း တစ်တိုင်းလုံးဆို ကျပ်သိန်းပေါင်း ၂ ထောင်ကျော်တော့ ရှိတော့မယ်။”လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုက နှစ်စဉ် ၁၀၀ ဝန်းကျင်တိုးပြီး ဖြစ်ပေါ်လာနေကာ သဘာဝပတ်ဝန်းကျင်ပျက်စီးလာတာနဲ့ လူတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့်လည်း ပိုမို ဖြစ်ပေါ်လာနေတာပါ။  စစ်ကိုင်းတိုင်း ဘေးစီမံဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ ၂၀၁၆-၁၇ ခုနှစ်မှာ ဘေးအန္တရာယ်ပေါင်း ၁၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ထူးခြားဖြစ်စဉ်အနေနဲ့ ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တာအပါအဝင် စုစုပေါင်း လူဦးရေ ၁၇၂ ဦး သေဆုံးခဲ့ပါတယ်။  ဘေးအန္တရာယ်အားလုံးအတွက် ငွေကျပ်သိန်းပေါင်း ၁၈၈၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ရပါတယ်။  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာလည်း ဘေးအန္တရာယ်ဖြစ်ပွားမှု ၃၅၅ ကြိမ်ရှိခဲ့ပြီး လေဘေး ၁၀၆ ကြိမ်ရှိခဲ့ကာ လူ ၁၈ ဦးသေဆုံးခဲ့ရသလို ငွေကျပ်သိန်းပေါင်း ၄၉၄၉ သိန်းကျော် ထောက်ပံ့ခဲ့ရပါတယ်။  ၂၀၁၈-၁၉ ခုနှစ်မှာလည်း ဘေးအန္တရာယ်ကျရောက်မှု ၄၁၂ ကြိမ်ဖြစ်ခဲ့ပြီး လူ ၃၉ ဦးသေဆုံးကာ လေဘေးတင် ၁၆၈ ကြိမ်ရှိခဲ့သလို ငွေကြေးထောက်ပံ့မှုအနေနဲ့ ကျပ်သိန်းပေါင်း ၄၉၄၁ သိန်းကျော် ရှိခဲ့ပါတယ်။  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ဘေးအန္တရာယ်ဖြစ်ပွားမှုအနေနဲ့ အရင်နှစ်ကထက်နည်းနေသေးပေမယ့် ငွေကျပ်သိန်းပေါင်း ၂ ထောင်ကျော်ထိ ထောက်ပံ့ထားရပါတယ်။
9 months Ago

July 11, 2020

ဇူလိုင်လအတွက် မီတာခတွေကို ၇၅ ယူနစ်အထိ အခမဲ့သုံးခွင့်ပေးမည်

ဇူလိုင်လအတွက် မီတာခတွေကို ၇၅ ယူနစ်အထိ အခမဲ့သုံးခွင့်ပေးမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို ဇူလိုင် ၁၅ ရက် အထိ တိုးမြှင့်ခဲ့တာကြောင့် ဒီကာလအတွင်းမှာ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေရဲ့ အိမ်သုံးမီတာအမျိုးအစားအတွက် လျှပ်စစ်သုံးစွဲတာ ၁ ယူနစ်ကနေ ၇၅ ယူနစ် အထိ ကင်းလွတ်ခွင့်ပေးမယ်လို့ ထပ်မံ ကြေညာလိုက်တာပါ။ ဒီထဲမှာတော့ သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမပါဘဲ နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်းအိမ်သုံး၊ စီးပွားရေးလုပ်ငန်းမပါတဲ့ ဘာသာ သာသနာ အဆောက်အအုံတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက်ပဲ ကင်းလွတ်ခွင့်ပေးတာပါ။ ပြီးခဲ့တဲ့ ဧပြီလကစလို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတလျှောက် မီတာခတွေကို တလမှာ ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပေးလာတာဖြစ်ပြီး အရင်လတွေထက် မီတာခ ပိုများလာတယ်လို့လည်း ဝေဖန်တာတွေ ရှိနေပါတယ်။
10 months Ago
More News
Up