ဆွေးနွေး

May 13, 2021

သြစတြေးလျအစိုးရနှင့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဆွေးနွေး

သြစတြေးလျအစိုးရဟာ မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ စတင်ဆွေးနွေးနေပြီဖြစ်ပေမဲ့ မြန်မာစစ်တပ်ကို နောက်ထပ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့တော့ မရှိဘူးလို့ ဩစတေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန Assistant Secretary  Lynda Worthaisong က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သိပ်ကို စိတ်ပျက်စရာကောင်းနေဆဲဖြစ်ပြီး ပိုပြီးတောင် ဆိုးရွားယိုယွင်းလာတယ်လို့လည်း  ဆိုပါတယ်။

တကယ်လို့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်လိုက်ရင် မြန်မာပြည်သူလူထုအပေါ် အပြုသဘော သက်ရောက်မှုက အနည်းငယ်ပဲ ရှိမှာဖြစ်ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံ နိုင်ငံတွေကလဲ စီးပွားရေးပိတ်ဆို့မှုတွေကို မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အင်္ဂါနေ့ညက ထွက်လာတဲ့ ဘတ်ဂျက်မှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဒေါ်လာ ၃ သိန်းကျော် ဖယ်ထားတယ်ဆိုတဲ့ စာရင်းကလည်း အမှားအယွင်းဖြစ်တယ်လို့ ပြောပါတယ်။ 

အဲ့ဒီ ဒေါ်လာ ၃၂၅,၀၀၀ ဆိုတဲ့ ကိန်းဂဏန်းကို သုည လို့ ဖတ်သင့်တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ဒေးဗစ်လူးဝစ်က စုံစမ်းစစ်ဆေးအပြီးမှာ ပြောဆိုပါတယ်။

သြစတြေးလျဟာ အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို ကြီးကြပ်လုပ်ဆောင်ခဲ့သူတွေလို့ စွပ်စွဲခံထားရတဲ့ တပ်မတော်အရာရှိ ၅ ဦးကို ဒဏ်ခတ်ပိတ်ဆို့ထားတာပါ။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအပြီး ဩစတြေးလျဟာ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာပူးပေါင်းမှုကို ဆိုင်းငံ့ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာခဲ့ပါတယ်။

ဒါ့အပြင်ဩစတေးလျရောက်မြန်မာတွေကိုလည်း  အတင်းအကျပ် မပြန်စေပဲ ယာယီဗီဇာသက်တမ်း တိုးပေးမယ်လို့ ကြေညာထားပါတယ်။ 

သြစတြေးလျမှာ ကျောင်းသားဗီဇာ ကိုင်ဆောင်သူ  ၁၅၀၀ နဲ့ ဗီဇာကူးပြောင်းထားသူ ၇၆၀ အပါအ၀င် ယာယီဗီဇာ ကိုင်ဆောင်သူ ၃၃၈၄ ဦး ရှိပါတယ်။ 

3 days Ago

April 16, 2021

CRPH ခေါင်းဆောင်များနှင့် အမေရိကန် ထိပ်တန်းအရာရှိများဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ရှိသူတွေနဲ့  အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိတ်ဖိတ်ရေးရာ ဗျူရိုထိပ်တန်းအရာရှိ Atual Keshap၊ အမေရိကန်ပြည်ထောင်စု လူ့အခွင့်အရေးဒီမိုရေစီနဲ့ အလုပ်သမားရေးရာဗျူရိုထိပ်တန်းအရာရှိ Scott Busby တို့ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို ခေတ္တဒုတိယသမ္မတဦးမန်းဝင်းခိုင်သန်းအပါအဝင် ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အစိုးရအဖွဲ့ဝန်ကြီး ဦးလွင်ကိုလတ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်ခဲ့တာပါ။

နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာက ထောက်ခံအားပေးမှုအပြည့်ရှိနေပြီး ဒီကနေ့ဆွေးနွေးမှုမှာ CRPH အတွက်ရော ပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရအတွက်ရော အာဏာရှင်ကို နည်းပေါင်းစုံနဲ့ တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက်အရေးပါတဲ့ ကိစ္စတွေ ဆွေးနွေးပြီး သဘောတူညီမှုတွေရရှိခဲ့တယ်လို့ ခေတ္တအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးလွင်ကိုလတ်က ဒီဗွီဘီသတင်းဌာနကို ပြောဆိုပါတယ်။

ဒီကနေ့ဆွေးနွေးခဲ့တဲ့ Atual Keshap ကလည်း သူ့ရဲ့တွစ်တာလူမှုကွန်ရက်ကနေ  မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့အရေးကြီးတာတွေကို သဘောတူခဲ့ပြီး ဒီမိုကရေစီအရေးကြိုးပမ်းနေတာကို အလေးနက်ထောက်ခံတယ်လို့ရေးသားထားပါတယ်။

4 weeks Ago
More News
Up