ဆေးဘက်အဖွဲ့

March 30, 2020

ဆေးဘက်အဖွဲ့ နိုင်ငံခြားစေလွှတ်မှု အမေရိကန် ပယ်ချသည့်အပေါ် ကျူးဘား ဝေဖန်

ကျူးဘားနိုင်ငံက ဆေးဘက်လုပ်ငန်းအဖွဲ့ဝင်တွေကို ကိုရိုနာ ကူးစက်ကပ်ဘေး တိုက်ဖျက်ရေးအတွက် ကမ္ဘာတလွှားမှာ တာဝန်ချထားပေးနေချိန်မှာ အမေရိကန် အစိုးရက မတ်လ ၂၈ ရက်မှာ ပယ်ချခဲ့လို့ ကျူးဘားအစိုးရက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ကျူးဘားနိုင်ငံဟာ ကမ္ဘာတဝန်းမှာ လူဦးရေနဲ့ ဆရာဝန် အချိုးအစား အမြင့်ဆုံးနိုင်ငံပါ။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲတဲ့အထိ ဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်နေရတဲ့ အီတလီ၊ ဂျမေကာ၊ နီကာရာဂွါ၊ ဗင်နီဇွဲလားနဲ့ နိုင်ငံအချို့ကို ဆေးတပ်ဖွဲ့တွေ စေလွှတ်ပေးခဲ့ပြီးပါပြီ။   ကွန်မြူနစ်နိုင်ငံတွေဟာ ခုလို လုပ်ငန်းအဖွဲ့တွေကို လွှတ်နေတာ ငွေရဖို့သက်သက်ပဲလို့ အမေရိကန် အစိုးရက ဒီသီတင်းပတ်မှာ ပြောဆို တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်နဲ့ ကျူးဘား ဆက်ဆံရေးဟာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာကတည်းက ပိုအေးစက်လာခဲ့တာပါ။ ကျူးဘားနဲ့ ကုန်သွယ်ရေး ခရီးသွားလာရေးလုပ်ငန်းတွေကိုလည်း တင်းကျပ်ခဲ့ပါတယ်။ ကျူးဘားဟာ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တယ်၊ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ သူတို့ကို အသုံးချနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။  ကျူးဘား ဆရာဝန်တွေဟာ သူတို့ကို လက်ခံထားတဲ့ နိုင်ငံတွေက ပေးတဲ့ လစာရဲ့ အစိတ်အပိုင်းတချို့ကိုသာရပြီး ကျန်ငွေကို အစိုးရက ရကြောင်း၊ ဒီငွေတွေနဲ့ ကျူးဘားနိုင်ငံအတွင်း အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ဘဏ္ဍာငွေပံ့ပိုးရာမှာ သုံးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မတ် ၂၈ ရက်နေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေးအတွက် ကျူးဘား ဆရာဝန်တွေနဲ့ သူနာပြုတွေ ၃၄ ယောက် ပါတဲ့ အုပ်စုဟာ စိန့်ကစ်တ်စ်နဲ့ နေဗစ်စ်ကျွန်းတွေဆီကို သွားခဲ့ကြပါတယ်။
1 year Ago
Up