ဆော်ဒီ

January 6, 2021

ဆော်ဒီ အပါအဝင် မဟာမိတ်နိုင်ငံများက ကာတာနိုင်ငံနှင့် ဆက်ဆံရေး ပြန်စမည်

ဆော်ဒီအာရေဗျနိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေဟာ ကာတာနိုင်ငံနဲ့ ဆက်ဆံရေးကို အပြည့်အဝ ပြန်စတော့မယ်လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ကာတာအစိုးရနဲ့ ဆက်ဆံရေး ခါးသီးနေတာကို အဆုံးသတ်ဖို့ သဘောတူညီချက် ချမှတ်ရေး ကာတာ အုပ်ချုပ်သူတွေကို ဆော်ဒီ အိမ်ရှေ့စံက အာရပ်ပင်လယ်ကွေ့ ထိပ်သီးညီလာခံအတွင်း တွန်းအားပေးခဲ့တာပါ။ နောက်ဆုံးကြေညာချက်ထဲမှာ သွေးစည်းညီညွတ်ရေး ယေဘုယျကတိ ပါဝင်ပေမယ့် အီရန် ဆန့်ကျင်ရေး အပြင်ပိုင်းဟန်ပန်ကို ခြေကန်ထားဖို့ ကြိုးစားနေတာပါ။ ပူးတွဲကြေညာချက်ထဲမှာ သဘောတူညီချက်ကို အသေးစိတ် အတည်ပြုတဲ့ အချက်တွေ မပါသေးပါဘူး။  အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုတာ မလုပ်ခင် နှစ်ပတ်အလိုမှာ အမေရိကန်ရဲ့ အကြီးစားမဟာမိတ် နှစ်နိုင်ငံကြား အကွဲအပြဲကို ပြန်ပြင်ဖို့ မျှော်လင့်ချက်ကိုတော့ အချက်ပြနေပါတယ်။ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖှာဟန်အယ်လ်ဆွတ်ဒ်က “အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်းနဲ့ အီဂျစ်တို့အားလုံးကတော့ ကာတာနဲ့ ဆက်ဆံရေးပြန်စဖို့ သဘောတူခဲ့ပြီးပြီ။ အင်မတန်အရေးကြီးတဲ့ အခက်အခဲ ထိုးဖောက် ကျော်လွှားမှုကို ဆောင်ကြဉ်းနိုင်ခဲ့လို့ ကျနော်တို့ အလွန်အမင်း စိတ်ချမ်းမြေ့ရတယ်” လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
4 months Ago

January 5, 2021

ကာတာနှင့် လေပိုင်နက်၊ ကုန်းနယ်နိမိတ်တို့ကို ဆော်ဒီက ပြန်ဖွင့်မည်

ကာတာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ လေပိုင်နက်၊ ကုန်းနယ်နိမိတ်တို့ကို ဆော်ဒီက ပြန်ဖွင့်တော့မယ်လို့ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၄ ရက်မှာ ပြောဆိုပါတယ်။  ၂၀၁၇ နှစ်လယ်ပိုင်းမှာ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ ပင်လယ်ကွေ့နိုင်ငံ မဟုတ်တဲ့ အီဂျစ်တို့က ကာတာနဲ့ သံတမန် ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှုတွေကို အဆက်ဖြတ်ခဲ့ပါတယ်။  သံတမန် အဆက်ဖြတ်တဲ့ နိုင်ငံ ၄ ခုက ကာတာဟာ အကြမ်းဖက်မှုကို အားပေးတယ်လို့ စွပ်စွဲခဲ့ပြီး ကာတာကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။ ဒီလိုပိတ်ဆို့တာဟာ သူ့ရဲ့ အချုပ်အခြာကို ထိပါးတယ်လို့ ပြောဆိုပါတယ်။  ကူဝိတ်နဲ့ အမေရိကန်တို့က အဲဒီပြဿနာကို ပြေလည်အောင် ကြိုးပမ်းနေပြီး ဒီပဋိပက္ခဟာ အီရန်အပေါ် ထိန်းချုပ်ရေး ကြိုးပမ်းချက်တွေကို နှောင့်နှေးစေတယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။  ဆော်ဒီအစိုးရဟာ ပဋိပက္ခအဆုံးသတ်ရေး သဘောတူညီချက်တွေကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့ပြီး ထိပ်သီးဆွေးနွေးပွဲမှာ ကြေညာချက် လက်မှတ်ထိုးသွားမယ်လို့ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၄ ရက်မှာ ပြောဆိုပါတယ်။  လက်မှတ်ရေးထိုးပွဲအခမ်းအနားကို တက်ရောက်ဖို့အတွက် အမေရိကန်အိမ်ဖြူတော် အကြံပေး ဂျရက်ခွတ်ရှ်နာနဲ့ အဖွဲ့ဟာ ဆော်ဒီကို သွားရောက်မယ်လို့ ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့ပါတယ်။
4 months Ago
More News
Up