ဆူဒန်

January 11, 2022

ဆူဒန်နိုင်ငံတွင် အာဏာသိမ်းစစ်တပ်ကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

ဆူဒန်နိုင်ငံမှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်ချီတဲ့ပြည်သူတွေ ဆန္ဒပြနေလို့ လုံခြုံရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက်မှာ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

ခါတွန်နဲ့ ဘာရီမြို့တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသံဗုံးတွေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မျက်ရည်ယိုဗုံးက ဆန္ဒပြသူတယောက်ရဲ့ လည်ပင်းကို ထိမှန်ခဲ့လို့ လူတယောက် သေဆုံးတယ်လို့ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆူဒန် ဆရာဝန်များအသင်းက ပြောပါတယ်။

ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ အွန်မ်ဒါမန်မြို့ကနေ ဘာရီမြို့ထိ ချီတက်ခဲ့ကြပြီး မြို့တော်ခါတွန်ဆီ လာရောက် ပူးပေါင်းကြပါတယ်။

စစ်ခေါင်းဆောင်တွေကို ပြစ်တင်ရှုတ်ချတဲ့ ဆောင်ပုဒ်တွေကိုလည်း ကြွေးကြော်ခဲ့ကြပြီး ဆူဒန်ရဲ့ တခြားဒေသတွေက မြို့တွေနဲ့ မြို့တော်ခါတွန်မှာ သီးခြားဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ပါသေးတယ်။

ဆူဒန်မှာ အရပ်သားတွေနဲ့ အာဏာမျှဝေယူထားတဲ့ အသွင်ကူးပြောင်းရေးအစိုးရကို အဆုံးသတ်ပြီး စစ်ခေါင်းဆောင် အဘ်ဒယ်ဖှာတာ အယ်လ်ဘာဟန်က အောက်တိုဘာ ၂၅ ရက်မှာ အာဏာသိမ်းခဲ့တာပါ။

အာဏာသိမ်းပြီးကတည်းက ခုထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတ်လို့ အရပ်သား ၆၂ ယောက် သေဆုံးခဲ့ပြီးပြီလို့ ဆရာဝန်တွေက ပြောပါတယ်။

စစ်တပ်ဟာ ဒဏ်ရာရ ဆန္ဒပြသူတွေကို ဆေးကုပေးနေတဲ့ ဆေးခန်းတွေကို စီးနင်းပြီး ဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆရာဝန်တွေက စွပ်စွဲထားပါတယ်။ 

အကျပ်အတည်းကို ဖြေရှင်းရေး ရည်မှန်းထားတဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တခြား အုပ်စုတွေကို ဖိတ်ကြားမယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၈ ရက်မှာ ပြောထားပါတယ်။

2 weeks Ago

December 31, 2021

“စစ်ဖိနပ်အောက်နေမလား သေမလား” ကြွေးကြော်သံဖြင့် ဆူဒန်တွင် ဆက်လက်ဆန္ဒပြ

ဆူဒန်မှာ အောက်တိုဘာ ၂၅ ရက် စစ်အာဏာသိမ်းပြီးကတည်းက  စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ဆက်တိုက် ဖြစ်နေရာမှာ မနေ့က မြို့တော်ခါတွမ်နဲ့ မြောက်ဘက် ဘာရီမြို့ကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ တံတားအနီးမှာ စစ်တပ်က မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှု လုပ်ခဲ့ပါတယ်။

ဆန္ဒပြနေတဲ့ လူငယ်အများစုက “စစ်ဖိနပ်အောက်နေမလား၊ အသက် အသေခံမလား၊ အသေပဲခံမယ်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆက်ပြီး ဆန္ဒပြနေတာပါ။

အာဏာသိမ်းပြီးကတည်းက ၁၁ ကြိမ်မြောက် လူအများဆုံး ဆန္ဒပြတာဖြစ်ပြီး သမ္မတအိမ်တော်ကို ချီတက်ဖို့ ကြိုးစားနေစဉ် ဖြိုခွဲခံရတာပါ။

စစ်တပ်က အရပ်သားဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်းဒေါ့ခ်ကို ဖယ်ရှားပြီးနောက် ရုပ်ပြ ပြန်ခန့်ထားပါတယ်။ 

ဆန္ဒပြသူတွေက နိုင်ငံရေးနဲ့ လာမယ့်ရွေးကောက်ပွဲမှာ စစ်တပ် လုံးဝ ဝင်မစွက်ဖက်ဖို့ကိုပဲ ပြတ်ပြတ်သားသား တောင်းဆိုနေပါတယ်။

မနေ့ကနိုင်ငံပိုင် ဆူဒန်အမျိုးသား ဆက်သွယ်ရေးကော်ပိုရေးရှင်းကိုလည်း အင်တာနက်တွေ ဖြတ်ထားဖို့ စစ်တပ်က အမိန့်ပေးထားပါတယ်။ 

4 weeks Ago
More News
Up