ဆူဒန်

July 12, 2019

ဆူဒန်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဖြိုခွင်းဟု စစ်ခေါင်းဆောင်များ ပြော

ဆူဒန်နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဖြိုခွင်းလိုက်တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် စစ်ဘက်နဲ့ အတိုက်အခံအကြား အာဏာခွဲဝေရေး သဘောတူညီချက်ကို ပျက်ပြားအောင် အရာရှိအတော်များများ ကြိုးပမ်းခဲ့တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက ဆိုပါတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အငြိမ်းစားနဲ့ တာဝန်ထမ်းဆဲ အရာရှိတွေ ပါဝင်တယ်လို့ အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီ အကြီးအကဲက ပြောပါတယ်။ အဲဒီ အာဏာသိမ်းမှုနဲ့ ဆက်စပ်လို့ ၁၂ ယောက်ကို ဖမ်းဆီးပြီး ၄ ယောက်ကို ထိန်းသိမ်းထားတယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က စစ်ဘက်နဲ့ ဆန္ဒပြအဖွဲ့တွေအကြား ၃ နှစ်တာကာလ အာဏာခွဲဝေရေး သဘောတူခဲ့ပါတယ်။ အဲဒီလို သဘောတူညီမှု ရခဲ့တာကို ထောင်နဲ့ချီတဲ့ ဆူဒန်ပြည်သူတွေက လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။
2 years Ago

July 5, 2019

ဆူဒန်စစ်ဘက်ကောင်စီနှင့် အတိုက်အခံကြား အာဏာခွဲဝေရေး သဘောတူညီချက်ရ

ဆူဒန်စစ်ဘက်ကောင်စီနဲ့ အတိုက်အခံ ဆန္ဒပြအဖွဲ့ မဟာမိတ်တို့အကြား အာဏာခွဲဝေရေးနဲ့ ပတ်သက်လို့ ဇူလိုင် ၅ ရက်နေ့မှာ သဘောတူညီချက်ရခဲ့ပြီး လူပေါင်းထောင်ချီ လမ်းပေါ်ထွက် ပျော်ပွဲဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်မှာ နှစ်ဖက်စလုံးက မြို့တော် ခါတွန်မှာ ဆွေးနွေးခဲ့ကြပြီး အသွင်ကူးပြောင်းရေးကာလ ၃ နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး စစ်ဘက်နဲ့ အရပ်ဘက်အကြား တလှည့်စီ အချုပ်အခြာအာဏာပိုင်ကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်ဟာ သီးခြားပညာရှင်ဦးစီးတဲ့ အစိုးရတရပ် ဖွဲ့စည်းရေးနဲ့ မကြာသေးခင်က အကြမ်းဖက်ဖြစ်ရပ်တွေကို စုံစမ်းဖို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ဖို့ကိုလည်း သဘောတူခဲ့ပါတယ်။ ဥပဒေပြုကောင်စီဖွဲ့စည်းရေး ရွှေ့ဆိုင်းဖို့လည်း သဘောတူခဲ့ပါတယ်။ အဲဒီလို သဘောတူညီချက်ရတဲ့သတင်း ထွက်ပေါ်ပြီးနောက်မှာတော့ နိုင်းမြစ်တဖက်ကမ်းက အွမ်ဒူမန်မြို့ လမ်းတွေပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ခဲ့ပါတယ်။ အရွယ်သုံးပါးမရွေး အရေအတွက်ထောင်ချီတဲ့ ပြည်သူတွေက လမ်းပေါ်ထွက်ပြီး “အရပ်ဘက်အုပ်ချုပ်ရေး” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
2 years Ago
More News
Up