ဆိုင်ယာနိုက်အဆိပ်

October 30, 2015

ဇင်ဘာဘွေတွင် သူခိုးများက အဆိပ်ဖြင့် ဆင် ၂၃ ကောင်ကို သတ် (ရုပ်သံ)

ဇင်ဘာဘွေ အမျိုးသားဥယျာဉ်မှာ ဆင် ၂၃ ကောင်ကို ခိုးယူဖမ်းဆီးတဲ့သူတွေက ဆိုင်ယာနိုက်အဆိပ်သုံးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဆိပ်ကြောင့် နိုင်ငံမြောက်ပိုင်းမှာ စက်တင်ဘာလကစပြီး ဆင်ကောင်ရေ ၆၀ သေဆုံးခဲ့ပြီလို့ အရာရှိတွေက အောက်တိုဘာ ၂၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဆင်ခိုးဖမ်းတဲ့သူတွေရဲ့ စူးစမ်းရေး ကိရိယာတွေက အဆင့်မြင့်ပြီး စစ်ဆေးရေးအဖွဲ့တွေကို ရှောင်ရှားနိုင်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိက ပြောပါတယ်။ တိုင်းပြည်အတွက် အဓိက ၀င်ငွေရှာပေးရာမှာ အထောက်အကူဖြစ်တဲ့ ဆိုင်ရာနိုက်အဆိပ်ကို ထိန်းချုပ်နိုင်ဖို့က အရမ်းခက်ခဲပါတယ်၊ ဆိုင်ယာနိုက်အဆိပ်က ဇင်ဘာဘွေ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ အများဆုံးအသုံးပြုပြီး ရှာဖွေရလွယ်ကူတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က စတင်ပြီး ဆိုင်ယာနိုက်အဆိပ်တွေကို အသုံးပြုလာတာဖြစ်ပြီး ဆင်အကောင် ၃၀၀ လောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရကတော့ ဆင်တွေ ဒီလောက် သေဆုံးတာကို ကန့်ကွက်ထားပါတယ်။ ဆင် ၂၃ ကောင်ကို အဆိပ်နဲ့ သတ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဆင်စွယ် ၃ ခုကိုပဲ သတ်ဖြတ်သူတွေက ယူဆောင်သွားပြီး တခြား ဆင်စွယ်တွေကိုတော့ ယူဆောင်သွားခဲ့ခြင်း မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။ ဇင်ဘာဘွေ အနောက်ဘက် ၀မ်ငဲ အမျိုးသားဥယျာဉ်ထဲမှာ ဆင်ကောင်ရေ ၅၃၀၀၀ ရှိနေပါတယ်။
6 years Ago

August 19, 2015

တီယန်ကျင်း ပေါက်ကွဲမှု ကန့်သတ်ဇုန် ရေထဲတွင် အဆိပ်ဓာတ် ၂၈ ဆ ပိုများ

တရုတ်အရာရှိတွေက တီယန်ကျင်းမြို့ ပေါက်ကွဲမှုဖြစ်ရာ ကန့်သတ်ဇုန်အတွင်း ရေထဲမှာ ဆိုင်ယာနိုက် အဆိပ်ဓာတ်တွေ ဘေးကင်းရေး ကန့်သတ်ချက်ထက် ၂၈ ဆ ပိုများနေတယ်လို့ သြဂုတ် ၁၈ ရက်နေ့က ပြောလိုက်ပါတယ်။ ဒါပေမယ့် ကန့်သတ်ဇုန် အပြင်ဘက်က ဆိုင်ယာနိုက် အဆိပ်ဓာတ်ကတော့ ဘေးကင်းတဲ့ ကန့်သတ်ချက်ထဲမှာ ဆက်ရှိနေတယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှု ၂ ခုကြောင့် သေဆုံးသူ  အရေအတွက်က သြဂုတ် ၁၈ ရက်နေ့မှာ ၁၁၄ ယောက်ရှိပါပြီ။ လူအယောက် ၇၀၀ ကျော် ဒဏ်ရာရပြီး မီးသတ်သမား အများစုဖြစ်တဲ့ လူ ၅၇ ယောက်က ပျောက်ဆုံးနေဆဲလို့ အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှု အရွယ်အစားကြီးပြီး ပြင်းထန်လို့ ကောင်းကင်ပေါ် မီးလုံးကြီးတွေ ပျံတက်ခဲ့ပြီး ကမ္ဘာ့ဆယ်ခုမြောက် အကြီးဆုံးဆိပ်ကမ်းမှာ အဆောက်အဦတွေ မီးလောင်ပြီး အပျက်အစီးပုံကြီး ဖြစ်ကျန်ခဲ့တာပါ။ အာကာသကနေ အပျက်အစီးတွေကို လှမ်းမြင်နိုင်ပြီး တုန်ခါမှုကို အမေရိကန် ဘူမိဗေဒ စစ်တမ်းဌာနက ငလျင်အဆင့် သတ်မှတ်ခဲ့ပါတယ်။ သြဂုတ် ၁၇ ရက်နေ့က အသေးစား ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့သေးတယ်လို့ တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက အစီရင်ခံပါတယ်။ ပေါက်ကွဲချိန် ကုန်လှောင်ရုံထဲမှာ လူသေစေနိုင်တဲ့ ဆိုဒီယံဆိုင်ယာနိုက် ဓာတုပစ္စည်း တန်ချိန် ၇၀၀ ကို သိုလှောင်ထားတယ်လို့ အစိုးရက အတည်ပြုပါတယ်။ စောင့်ကြည့်ရေးဌာနက ပေါက်ကွဲမှုဖြစ်တဲ့ နေရာနဲ့ ၂ ကီလိုမီတာအကွာက ရေကို စစ်တမ်းကောက်ယူရာမှာ ဆိုင်ယာနိုက် အဆိပ်ဓာတ်က လက်ခံနိုင်တဲ့ အဆင့်မှာ ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်နေတုန်း ဆန္ဒပြသူ အယောက် ၄၀ လောက် စုရုံးလာပြီး ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ အိမ်တွေအတွက် အစိုးရက လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တီယန်ကျင်းမြို့ ဘင်းဟိုင်မြို့သစ်ကော်မတီ အတွင်းရေးမှူးကတော့ အစိုးရက သင့်လျော်တဲ့ အစီအစဉ်တွေ လုပ်ထားပြီးပြီလို့ အသေအချာ ပြောခဲ့ပါတယ်။ လူဦးရေ ၁၅ သန်းနေတဲ့ တီယန်ကျင်းမြို့မှာ ဒီပေါက်ကွဲမှုကြောင့် လူ ၆၃၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
6 years Ago
Up