ဆီးရီးယားသူပုန်

December 26, 2018

တူရကီ ကျောထောက်နောက်ခံပေးထားသည့် ဆီးရီးယားသူပုန်များ အင်အားဖြည့်တင်း

တူရကီအစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယားသူပုန်တွေဟာ ဒီဇင်ဘာ ၂၅ ရက်က မန်ဘစ်ခ်ျမြို့အနီးရှိ ရှေ့တန်းမှာ ဆက်ပြီး အင်အားဖြည့်နေတယ်လို့ အင်္ဂလိပ်စကားနဲ့ ထုတ်လွှင့်တဲ့ အစိုးရရုပ်သံ TRT က ထုတ်ပြန်ပါတယ်။ ဆီးရီးယားနိုင်ငံကနေ အမေရိကန်ဆုတ်ခွာရေး တူရကီအစိုးရက တွန်းအားပေး လုပ်ဆောင်နေတာပါ။ ဒေသတွင်းမှာ စစ်ဆင်ရေးအသစ် လုပ်မယ်လို့ တူရကီအစိုးရက ဒီလထဲမှာ ပြောခဲ့ပါတယ်။ ဆီးရီးယားမြောက်ပိုင်းက အမေရိကန်တပ်တွေ အားလုံးကို ပြန်ရုပ်သိမ်းမယ်လို့ အမေရိကန် အစိုးရက အရင်သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ရုပ်သိမ်းမှုပြီးတဲ့အထိ တူရကီက စစ်ဆင်ရေးကို အချိန်ဆွဲနေရတာပါ။ တူရကီအစိုးရဟာ ဆီးရီးယားမြောက်ပိုင်းက ယူဖရေးတီးစ်မြစ် အရှေ့ဘက်ကို ဖြတ်ကူးဖို့ ဆုံးဖြတ်ထားတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလွတ် ကာဗူစိုဂလူက ပြောတဲ့အကြောင်း ဟာရီယတ်သတင်းစာက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။ နေတိုး မဟာမိတ်တွေဟာ YPG တပ်တွေကို မြို့ထဲကနှင်ထုတ်ရေး ဇွန်လထဲမှာ သဘောတူခဲ့ပေမယ့် သဘောတူညီချက်က နှောင့်နှေးနေတယ်လို့ တူရကီအစိုးရက ပြောပါတယ်။ ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်တွေကို တိုက်ရာမှာ YPG တွေဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ် ဖြစ်ပါတယ်။ တူရကီအစိုးရကတော့ YPG ဟာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီး တူရကီအစိုးရကို ၁၉၈၀ ပြည့်လွန်နှစ်တွေတည်းက သူပုန်ထနေခဲ့တဲ့ ကာဒစ်စတန် အလုပ်သမားများပါတီ PKK ရဲ့ လက်အောက်ခံလို့ ပြောခဲ့ပါတယ်။
2 years Ago

April 13, 2018

ဆီးရီးယား သူပုန်တပ်များ ဒူမာမြို့မှ ပြန်ဆုတ်ခွာ၊ ရုရှားစစ်ရဲများ ၀င်ရောက်

ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်လို့ သံသယရှိနေတဲ့ ဆီးရီးယားနိုင်ငံ ဒူမာမြို့မှာ ဧပြီ ၁၂ ရက်နေ့က အရေးနိမ့်နေတဲ့ သူပုန်တပ်တွေ ပြန်လည်ဆုတ်ခွာနေပြီး ရုရှားစစ်ရဲတွေ ဒေသထဲဝင်ရောက်လာနေပါတယ်။ ဆီးရီးယားရဲအစောင့်တွေနဲ့အတူ သူပုန်တွေလိုက်ပါလာတဲ့ ဘတ်စကား နှစ်စီး အယ်လ် ၀ါဖီဒင်း စစ်ဆေးရေးဂိတ်ကို ရောက်ရှိလာချိန်မှာပဲ ရုရှားအလံလွှင့်ထူထားတဲ့ စစ်ရဲကား ၇ စီးဟာလည်း ဒိုမာမြို့ထဲဝင်ရောက်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။ ဆီးရီးယားစစ်တပ်အရာရှိတဦးကတော့ ဒူမာမြို့မှာ ရှိနေတဲ့ သူပုန်တွေရဲ့ ပြောင်းရွှေ့မှုဟာ ကြာသပတေးနေ့လောက်မှာ ပြီးဆုံးနိုင်တယ်လို့ ပြောပါတယ်။ ဒီဒေသမှာ ခြေကုပ်ယူထားတဲ့ သူပုန်တွေကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် သမ္မတ အာဆတ်အစိုးရက ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအ၀င် အရပ်သား ၆၀  လောက် သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
3 years Ago
More News
Up