ဆီးရီးယား

January 23, 2021

အယ်ဟာလူ နေရပ်စွန့်ခွာစခန်းတွင် ဆီးရီးယားနှင့် အီရတ်နိုင်ငံသား ၁၂ ဦး အသတ်ခံရ

ဆီးရီးယားအရှေ့မြောက်ပိုင်းက  ကာ့ဒ်တပ်ဖွဲ့ဝင်တွေဦးစီးတဲ့ အယ်ဟာလူ နေရပ်စွန့်ခွာစခန်း မှာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံသား ၁၂ ယောက် အသတ်ခံရတဲ့ သတင်းကို ရရှိထားတယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။  အယ်ဟာလူ နေရပ်စွန့်ခွာစခန်းမှာ  ပြည်တွင်းဒုက္ခသည်တွေနဲ့  အိုင်အက်စ် တိုက်ခိုက်ရေးသမားတို့ရဲ့ မိသားစုဝင်တွေကို ထားရှိပါတယ်။     စခန်းအတွင်း နေထိုင်သူတွေကိုရော လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းတွေ ကိုပါ ဘေးအန္တရယ်ကင်းအောင် တာဝန်ယူပေးဖို့  လုံခြုံရေးတာဝန်ယူထားသူတွေကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး  ညှိနှိုင်းရေးရုံးပြောခွင့်ရပုဂ္ဂိုလ် လာကဲက တိုက်တွန်းခဲ့ပါတယ်။  ဒီအခြေအနေက ဒေသတွင်း လူသားချင်းစာနာအကူအညီပေးရေးလုပ်ငန်းတွေကို ထိခိုက်စေ တယ်လို့ ဆိုပါတယ်။  လုံခြုံရေးအခြေအနေက အခုမြင်တွေ့သလို ဖြစ်တဲ့အခါ အကူအညီပေးရေး အကုန်လုံး ထိခိုက်သွားမယ်လို့ ဂျနီဗာမှာ ပြုလုပ်တဲ့ ကုလသတင်းစာရှင်းလင်းပွဲမှာ လာကဲက ပြောပါတယ်။  အယ်ဟာလူ နေရပ်စွန့်ခွာစခန်းမှာ နိုင်ငံအများအပြားက လူပေါင်း ၆၂,၀၀၀ ခန့်ကို ထားရှိ တယ်လို့  ဆိုပါတယ်။ 
3 months Ago

January 20, 2021

အီရတ်နှင့် ဆီးရီးယားနယ်စပ် လုံခြုံရေးတင်းကျပ်

အိုင်အက်စ်စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေ၊ မူးယစ်မှောင်ခိုနဲ့ တခြား တရားမဝင် လှုပ်ရှားမှုတွေကို ထိန်းချုပ်ကန့်သတ်ဖို့ မိုင် ၄၀၀ ရှည်တဲ့ အီရတ်နဲ့ ဆီးရီးယား နယ်စပ်တလျှောက်မှာ အီရတ်အစိုးရက လုံခြုံရေး တင်းကျပ်ထားပါတယ်။ အီရတ်စစ်တပ်၊ အီရန်နဲ့ မဟာမိတ်ပြည်သူ့စစ်တွေ၊ ဆီးရီးယားစစ်တပ်၊ ဆီးရီးယား အစိုးရကို ဆန့်ကျင်တဲ့ သူပုန်တွေနဲ့ အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ ကာဒစ်ရှ် စစ်တပ်တို့ အပါအဝင် မတူတဲ့ စစ်တပ်အသီးသီးက ထိန်းချုပ်ထားတဲ့ ဝေးလံသီခေါင်တဲ့ ကန္တာရ ရှေ့တန်းမှာ အီရတ် စစ်ဦးစီးမှူးတွေ ဇန်နဝါရီ ၁၈ ရက်က လှည့်လည်ခဲ့ပါတယ်။ ဒီနယ်စပ်ဟာ တူရကီက ကာဒစ်ရှ်သူပုန်အုပ်စုကို ဖိအားပေးနေတာကြောင့်ရော အိုင်အက်စ်တွေရဲ့ ကျူးကျော်မှုကြောင့်ပါ အခြေအနေ တင်းမာနေပြီး အမေရိကန်နဲ့ အီရန်က ကျောထောက်နောက်ခံပေးနေတဲ့ အုပ်စုတွေကြားက တင်းမာတဲ့ ဆက်ဆံရေးကြောင့်လည်း အထိမခံ ဖြစ်နေတာပါ။ နည်းပညာအဆင့်မြင့် အပူချိန်သုံး ထောက်လှမ်းတဲ့ ကင်မရာတွေနဲ့ လေ့လာရေး မိုးပျံပူဖောင်းတွေကို အီရတ်က ပိုသုံးထားတယ်လို့လည်း အီရတ် ဗိုလ်မှူးချုပ် အဗ်ဒူလာအာမီယာ အယ်လ်ရှမ်မာရီက ပြောပါတယ်။ အိုင်အက်စ်တွေရဲ့ နောက်ဆုံး ခြေကုပ်နေရာကနေ ထွက်ပြေးလာတဲ့ ထောင်သောင်းချီတဲ့ လူတွေ ကွန်းခိုရာ ဆီးရီးယားနိုင်ငံထဲက အယ်လ်ဟိုးလ်စခန်းကနေ ဖြတ်ထွက်လာတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေရဲ့ မိသားစုတချို့ကို လတ်တလောမှာ ထိန်းသိမ်းထားတယ်လို့ သူက ဆက်ပြောပါတယ်။ အယ်လ်ဟိုးစခန်းဟာ အစွန်းရောက်ဝါဒတွေ ပေါက်ဖွားရာ မွေးမြူရေးစခန်း ဖြစ်လာပြီး ထောင်ချီတဲ့ အီရတ်ပြည်သူတွေ အိုင်အက်စ်စစ်သွေးကြွတွေနဲ့ အဆက်အဆံ ရှိလာမှာကို အရာရှိတွေက စိုးရိမ်နေကြပါတယ်။
4 months Ago
More News
Up