ဆီးဂိမ်း

July 10, 2019

ဆီးဂိမ်းတွင် မြန်မာရွက်လှေအားကစားနည်းမှ အနည်းဆုံး ဆုတံဆိပ်တခုရရန် မျှော်မှန်း

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ ရွက်လှေအားကစားနည်းကနေ အနည်းဆုံး ဆုတံဆိပ်တခု ရယူနိုင်ဖို့ မြန်မာရွက်လှေအားကစားအဖွဲ့က မျှော်မှန်းထားပါတယ်။ အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး အားကစားနည်း စုစုပေါင်း ၅၇ မျိုး ထည့်သွင်းကျင်းပကာ ရွက်လှေအားကစားကနေလည်း ရွှေတံဆိပ် ၁၁ ခုကျော် ချီးမြှင့်ဖို့ရှိပါတယ်။ မြန်မာရွက်လှေအားကစားအဖွဲ့ကတော့ ဆီးဂိမ်းမတိုင်ခင် နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပြီး ဆီးဂိမ်းမှာ အနည်းဆုံး ဆုတံဆိပ်တခု ရနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ မြန်မာရွက်လှေအဖွဲ့ဟာ ပြိုင်ပွဲအမျိုးအစား လေးမျိုးလောက် ဝင်ပြိုင်ဖို့ရှိပြီး ဆုတံဆိပ်ရဖို့ ရာနှုန်းပြည့် ကြိုးစားမယ်လို့လည်း ကစားသမားတဦးက ပြောပါတယ်။ မြန်မာရွက်လှေအားကစားအဖွဲ့ အနေနဲ့ ပဏာမကစားသမား ၁၅ ဦးကနေ ၂၀ ဦးအထိ ရွေးချယ်လေ့ကျင့်မှာဖြစ်ပြီး ဆီးဂိမ်းမှာပါဝင်မယ့် ရွက်လှေပွဲစဉ်တွေထဲကနေ ပြိုင်ပွဲ ၆ မျိုးလောက်မှာ ဝင်ပြိုင်ဖို့ လေ့ကျင့်ထားတယ်လို့ သိရပါတယ်။
2 years Ago

June 12, 2019

မြန်မာ ဘိလိယက်နှင့် စနူကာ အားကစားအဖွဲ့ ဆီးဂိမ်းတွင် အောင်မြင်မှုမျှော်မှန်း

မြန်မာ ဘိလိယက်နဲ့ စနူကာ အားကစားအဖွဲ့ဟာ လာမယ့်ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း အမျိုးအစား အများစုကနေ အမြင့်ဆုံး အောင်မြင်မှုတွေ မျှော်မှန်းထားနိုင်တယ်လို့ ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ပြောပါတယ်။ ဘိလိယက်၊ စနူကာနဲ့ ပူးလ်ကစားနည်း အသီးသီးမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ မြန်မာကစားသမားတွေဟာ ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ လွဲချော်ခဲ့တဲ့ အောင်မြင်မှုတွေကို လာမယ့်ဆီးဂိမ်းမှာ အရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ သတိထားယှဉ်ပြိုင်ရမယ့် နိုင်ငံတွေကတော့ ထိုင်း၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပြီး သက်ဆိုင်ရာ ကစားနည်းအလိုက် ပြည်တွင်းပြည်ပ အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ကစားသမားတွေကတော့ ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းမှာ ရွှေတံဆိပ်ဆုတွေနဲ့ လွဲချော်ခဲ့ရပြီး တဦးချင်းနဲ့ အသင်းလိုက်ပြိုင်ပွဲတွေမှာပါ ငွေတံဆိပ်၊ ကြေးတံဆိပ်တို့နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘိလိယက်နဲ့ စနူကာ အားကစားအဖွဲ့ဟာ လာမယ့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ ဆုတံဆိပ်ရရှိဖို့ နိုင်ငံတော်အနေနဲ့ မျှော်လင့်ထားတဲ့ အားကစားအဖွဲ့တဖွဲ့ဖြစ်ကြောင်း မြန်မာ့အားကစား အသိုင်းအဝိုင်းကနေလည်း ကြားသိရပါတယ်။
2 years Ago
More News
Up