ဆီဗီးလာ

May 23, 2016

အချိန်ပို သွင်းဂိုးများဖြင့် ဘာစီလိုနာ စပိန်ဘုရင့်ဖလားတွင် ဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ဆီဗီးလာအသင်းတို့ မေလ ၂၂ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ အချိန်ပို ဆက်ကစားခဲ့ရာမှာ ဘာစီလိုနာအတွက် ဂျော်ဒီ အယ်လ်ဘာနဲ့ နေမာတို့က တဂိုးစီ သွင်းယူပြီး အနိုင်ရသွားခဲ့တာပါ။ ပွဲချိန် ၃၆ မိနစ်မှာ ဘာစီလိုနာ ကစားသမား မာရှေရာနို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရသလို မိနစ် ၉၀ မှာ ဆီဗီးလာ ကစားသမားတဦး တိုက်ရိုက်အနီကတ်၊ အချိန်ပို ဒုတိယပိုင်း ပြီးခါနီးမှာလည်း နောက်ထပ် ဆီဗီးလာ ကစားသမား ၁ ဦး ၂ ၀ါ ၁ နီနဲ့ ထပ်မံ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ဆီဗီးလာအသင်း ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ဘာစီလိုနာက အသာရခဲ့ပါတယ်။ ဒီ စပိန်ဘုရင့်ဖလားဟာ ဘာစီလိုနာအတွက် ၂၈ ကြိမ်မြောက် ရရှိတဲ့ ဆုဖလား ဖြစ်ပါတယ်။
5 years Ago

May 19, 2016

လီဗာပူးကို အနိုင်ယူပြီး ဆီဗီးလာ ယူရိုပါလိဂ် ၃ နှစ်ဆက် ချန်ပီယံဖြစ် (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါက ဆီဗီးလာအသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူးအသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်မှာ ၃ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်လာပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မှာ ကျင်းပတဲ့ ပွဲရဲ့ ပထမပိုင်း ၃၅ မိနစ်မှာ လီဗာပူးအသင်းက ဒင်နီယယ် စတားရစ်ခ်ျက အဖွင့်ဂိုးကို စတင်သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၄၆၊ ၆၄၊ ၇၀ မိနစ်တွေမှာ ဆီဗီးလာအသင်းက ၃ ဂိုးသွင်းယူပြီး လီဗာပူးအသင်းကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ လီဗာပူးအသင်း ကစားပုံကောင်းခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်း ကစားပုံ ပြိုကျသွားလို့ ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို ကြည့်ရင်တော့ လီဗာပူး အသာစီးရခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ဆီဗီးလာကတော့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
5 years Ago
Up