ဆီဆိုင်

June 7, 2019

ဆီဆိုင်တွင် ယာဉ်မတော်တဆမှု ပိုများလာ၊ စည်ကမ်းမလိုက်နာသူများကို ဖမ်းဆီးအရေးယူ

ပအိုဝ်း ကိုယ်​ပိုင်​ အုပ်​ချုပ်​ခွင့်​ရ​ဒေသ ဆီဆိုင်​မြို့ နယ်​မှာ ယာဉ်စည်းကမ်း လိုက်​နာမှုအားနည်းတဲ့အတွက်​ ယာဉ်​မ​တော်​တဆ ဖြစ်​ပြီး ​သေဆုံးသူ မြင့်​မား​နေတာ​ကြောင့်​ ယာဉ်​စည်းကမ်း ထိန်းသိမ်း​ရေး ​ကော်​မတီက ဖမ်းဆီးအ​ရေးယူမှု​တွေ ပြုလုပ်​​နေပါတယ်​။ မော်တော်ဆိုင်ကယ်တွေအနေနဲ့ ဆိုင်ကယ်စီးပြီး ဦးထုပ်မဆောင်းတဲ့အတွက် အသက်ဆုံးရှုံးရတာ အများစု ဖြစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ “အဓိက ဆိုင်​ကယ်​စီး ဦးထုပ်​မ​ဆောင်းသူကို အ​ရေးယူတာပါ။ ကျန်​လိုင်​စင်​စစ်​​ဆေးတာ​တွေ မလုပ်​ဘူး။ ယာဉ်​စည်းကမ်း လမ်းစည်းကမ်း​ အသိ ပညာ​ပေး​ဟော​ပြော​ပွဲ​တွေ လုပ်​တယ်​၊ လက်​ကမ်းစာ​စောင်​​ဝေငှမှု လုပ်​တယ်​၊ ဆိုင်​ကယ်​ဦးထုပ်​ဝယ်​ပြီး အခမဲ့​ပေးတယ်​၊ လူ​တွေက စည်းကမ်းမလိုက်​နာဘူး အဲ့ဒါနဲ့ အ​ရေးယူတဲ့အပိုင်းကို ပြုလုပ်​တာပါ” လို့ ဆီဆိုင်​မြို့နယ်​ ရဲတပ်​ဖွဲ့ မှူး ရဲမှူး သီဟန်​က​ပြောပါတယ်​။ စည်းကမ်းမလိုက်​နာတဲ့သူ​တွေကို ဖမ်းဆီးဖို့ တ​လကြိုတင်​အသိ​ပေးတာတွေ ​ဆောဂ်​ရွက်​ပြီးမှ ဖမ်းဆီးအ​ရေးယူတာလို့ ဆိုပါတယ်။ ယာဉ်​စည်းကမ်း မလိုက်​နာသူတွေကို ​မော်​​တော်​ယာဉ်​ဥပ​ဒေ ၅၄(ဃ)/၆ အရ ဒဏ်​​ငွေ ၃ ​သောင်းကို တရားရုံးမှာ သွား​ဆောင်ခိုင်းတယ်လို့ သိရပါတယ်​။ “ကျ​နော်​တို့ ပြည်​သူ​တွေ ဥပ​ဒေကို​လေးစားတန်​ဖိုးထားလာတဲ့အထိ ဒီဖမ်းဆီးအ​ရေးယူမှု​တွေကို ဆက်​လက်​လုပ်​သွားမှာပါ” လို့ ​အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးစံဝင်း​မောင်​က ​ပြောပါတယ်​။ ဆီဆိုင်​မြို့နယ်​မှာ ၂၀၁၈ ခုနှစ်​အတွင်း ယာဉ်​မ​တော်​တဆ ဖြစ်​ပွားမှု ၃၀ ရှိပြီး ဒဏ်​ရာရသူ ၄၀ ကျော်ကာ  သေဆုံးသူ ၇ ဦး ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ငါးလပိုင်းအကုန်ထိ ယာဉ်​မ​တော်​တဆ ဖြစ်​ပွားမှု ၁၇ ခုရှိပြီး ဒဏ်​ရာရသူ ၂၀ ကျော်ကာ ​သေဆုံးသူ ၁၁ ဦး အထိ ရှိနေတာကြောင့် အရင်နှစ်တွေကထက် မြင့်မားလာတာပဲ ဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ
2 years Ago
Up