ဆိုးသွမ်းစစ်သား

February 11, 2020

ဆိုးသွမ်းစစ်သားအတွက် တောင်းပန်စဉ် မျက်ရည်ကျခဲ့သည့် ထိုင်းကာချုပ်

လူ ၂၉ ယောက် သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရခဲ့တဲ့ ဆိုးသွမ်းစစ်သားရဲ့ လုပ်ရပ်အပေါ် ထိုင်းကာကွယ်ရေး ဦးစီးချုပ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့  တောင်းပန်စဉ်မှာ မျက်ရည်ကျခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်က ထိုင်းစစ်တပ် အရာခံဗိုလ် အဆင့်ရှိသူ အသက် ၃၂ အရွယ်  နိုင်းကျက-ဖတ်ထုပ်မားဟာ နခွန်းရာ့ချ်ဆီးမားခရိုင်ရှိ Terminal 21 ရှော့ပင်းမော်လ်ကို ဝင်ရောက်စီးနီးပြီး  ဈေးဝယ်သူတွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်ခဲ့ပါတယ်။  အဲဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံတနိုင်ငံလုံးကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် အပီရက် ခွန်ဆမ်ပေါင်က ထိုင်းစစ်သားတယောက်ကြောင့် ဒီလိုဖြစ်ခဲ့ရတဲ့အပေါ်မှာ သူ့အနေနဲ့ တောင်းပန်ပါကြောင်း  ပြောခဲ့ပါတယ်။  ထိုင်းစစ်တပ်အနေနဲ့ ထိခိုက်သေဆုံးရသူတွေနဲ့ မိသားစုဝင်တွေ အားလုံးကို လျော်ကြေးပေးအပ်သွားမယ်လို့လည်း မိနစ် ၉၀ ကြာ သတင်းစာရှင်းလင်းပွဲအတွင်း ကာကွယ်ရေးဦးစီးချုပ် အပီရက်က ပြောခဲ့ပါတယ်။  သေနတ်မောင်းဆွဲလိုက်တဲ့ အခိုက်အတန့်မှာပဲ ကျူးလွန်သူဟာ စစ်သားမဟုတ်တော့ဘဲ ရာဇဝတ်ကောင် ဖြစ်တယ်လို့ အပီရက်က ဆိုပါတယ်။  ဒါ့အပြင်  ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းသွားမယ်လို့ ပြောခဲ့ပြီး စစ်မှုထမ်းတွေအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက် တိုင်ကြားနိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းသစ်ကို ဖွင့်လှစ်သွားမယ်လို့လည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
1 year Ago
Up